မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လက်ရှိအခြေအနေအရ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ကစပြီး ခြွင်းချက်ကိစ္စတွေမှအပ လူ အယောက် ၁၀၀ ထက် ပိုပြီး စုဝေးခြင်းမပြုကြဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ကြေညာပါတယ်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ အရင်က လူ အယောက် ၅၀ ထက်ပိုမစုဖို့ ထုတ်ပြန်ထားရာက အောက်တိုဘာ ၂၉ ရက်နေ့မှာ လူ ၁၀၀ ထက်ပိုပြီး စုဝေးတာမလုပ်ဖို့ ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီကလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။
တဖက်မှာ လူ ၁၀၀ ထက်ပိုစုရင် အရေးယူမယ်လို့ အမိန့်ထုတ်ထားပေမဲ့ နယ်မြို့တချို့မှာတော့ လူ ၁၀၀ ထက်ပိုတဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတွေကို စစ်ကောင်စီက စီစဉ်ပြုလုပ်နေပါတယ်။
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ ကျော်နဲ့ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄၉၈,၆၀၅ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၆၄၄ ယောက် ရှိနေပါတယ်။