မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း အယောက် ၁,၂၂၀ ထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၃၈၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၄၉ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယကတယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကို အောက်တိုဘာ ၂၉ ရက်က နေပြည်တော်၊ ဒက္ခိတခရိုင် အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲကျေးရွာမှာတော့ ကိုအကြီးကောင်ဟာ စစ်သားတွေ ရိုက်နှက်ခံရပြီး ၁၀ ရက်အကြာ အောက်တိုဘာ ၂၆ ရက်နေ့က ကျဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ ကိုအကြီးကောင်ဟာ အောက်တိုဘာ ၁၆ ရက်နေ့က ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်နေချိန် စစ်သား ၃ ယောက် ရောက်ရှိလာပြီး ၁ နာရီကျော်ကြာ ရိုက်နှက်တာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်မနက်ပိုင်းကတော့ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့မှ ကြံ့ ခိုင်ရေးပါတီ အတွင်းရေးမှူး ပစ်ခတ်ခံခဲ့ရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက မြို့ပေါ်က လူလတ်ပိုင်းတွေကို ဖမ်းဆီးခဲ့ပြီး ခြေထောက်ဖြတ်ထားရတဲ့ အရပ်သားတယောက်ဖြစ်တဲ့ ဦးရဲထွဋ်ဟာလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။