Home
မြန်မာသတင်း
ကိုဗစ်ပိုးသတ်လုပ်ငန်းဆောင်ရွက်ရန် ကျယ်ဂေါင်တွင် နေထိုင်သူတွေများကို ရွှေ့ပြောင်းခိုင်း
DVB
·
October 29, 2021
247633569_553842205663777_7270592167491493881_n
247264642_553842142330450_2068487138151164334_n

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်လုပ်ငန်း လုပ်ကိုင်မှာဖြစ်တာကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊  ကျယ်ဂေါင်မှာ နေထိုင်သူတွေ ပြောင်းရွှေ့ကြဖို့ ယူနန်အာဏာပိုင်တွေက အကြောင်းကြားလာတယ်လို့  ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးက အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ရွှေလီမြို့အနေနဲ့ ကျယ်ဂေါင်အုပ်ချုပ် ဧရိယာအတွင်း ပိုးသတ်လုပ်ငန်း ဆောင်ရွက်နေကြောင်း၊ နေရာအနှံ့ ပိုးသတ်နိုင်ဖို့ ကျယ်ဂေါင်အုပ်ချုပ် ဧရိယာအတွင်း နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေ၊ နိုင်ငံခြားသား (မြန်မာနိုင်ငံသား) တွေအနေနဲ့ ကျယ်ဂေါင် ဧရိယာမှ ပြောင်းရွှေ့ရမှာဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကလွဲလို့ တခြားလူများ ကျယ်ဂေါင် ဧရိယာအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရွှေလီမြို့အနေနဲ့တော့ ကျယ်ဂေါင်မြိုရဲ့ ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ကျယ်ဂေါင်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။

လက်ရှိ တရုတ်ဘက်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပစ္စည်းတွေ အရေးတကြီး ပြန်ယူလိုပါက ဒေသခံဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ယူဆောင်ပြီး နေ့ချင်းအမြန် တရုတ်နိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာဖို့ အကြံပြုထားပါတယ်။

အခုလို လုပ်ဆောင်တာဟာ ကျယ်ဂေါင်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်နိုင်ဖို့အတွက် အသေးစိတ် စီမံကိန်းတွေကို သေချာလေ့လာဆောင်ရွက်နေတာလို့ ဆိုပါတယ်။

ကျယ်ဂေါင်မြို့ကနေ ရွှေလီမြို့ကို ပြောင်းရွှေ့ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ အခက်အခဲတွေကြုံနေကြရပြီး ကူမင်းမြို့ရှိ စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကို အသနားခံစာ တင်ပြထားကြတယ်လို့ တရုတ်ဘက်ရောက် မြန်မာလုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

“ဒီဘက်က မြန်မာနိုင်ငံသားတွေက လက်မှတ်ထိုး တောင်းဆိုတယ်။ အကူအညီတောင်းခံတာပေါ့။ အသနားခံစာ။ အဲဒီကို သူက ဒီဘက်က ရွှေလီရုံးကို သူက ပြောပေးတာ။ ပြောပေးတဲ့ အချိန်မှာ ရွှေလီဘက်ကနေပြီးတော့ သူတို့ရဲ့ သဘောထားကို ထုတ်ပြန်တာ။ အဲဒါကို ကောင်စစ်ဝန်ရုံးက ပြန်ပြောပြတဲ့ သဘော" လို့ ပြောပါတယ်။  

ကပ်ရောဂါထိန်းချုပ်နိုင်မှုအခြေအနေပေါ်မူတည်ပြီး ကျယ်ဂေါင်မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို မူလနေထိုင်ရာနေရာမှာ ပစ္စည်းတွေပြန်လည်သယ်ဆောင်လာနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးမယ်လို့လည်း ကောင်စစ်ရုံးထုတ်ပြန်ချက်အရ သိရပါတယ်။ 

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ပြီးခဲ့တဲ့ဩဂုတ်လမှာ  တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ပိုးတွေ့လူနာ ပြည်တွင်း ကူးစက်ခံရသူ ၆၃ ဦး၊ ပြည်ပမှ ကူးစက်လာသူ ၃၁၇ ဦး၊ စုပေါင်း ၃၈၀ ဦးရှိခဲ့ပြီး အခုလမှာတော့ ရောဂါကူးစက်ခံရသူတွေ သိသိသာသာ နည်းပါးသွားပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024