Home
မြန်မာသတင်း
ကျယ်ဂေါင်တွင် ရပ်ထားသည့် မြန်မာပိုင်ကားများကို တရုတ် သိမ်းဆည်း
DVB
·
February 26, 2024
China keep Myanmar'Cars at KyalGong_26022024

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရဲ့ တဖက်ကမ်း တရုတ်နယ်စပ်ဘက်ခြမ်း ကျယ်ဂေါင်မှာ ရက်ကြာရပ်ထားတဲ့ မြန်မာနိုင်ငံက ကားတွေကို တရုတ်အာဏာပိုင်တွေက သိမ်းဆည်းသွားပြီလို့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

ကားတွေလာယူကြဖို့ ၃ ရက် ခွင့်ပြုပေးကာ လာမယူတဲ့ကားတွေကို သိမ်းလိုက်မှာလို့  ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်ဘက်က အသိပေးစာ ထုတ်ပြန်ပြီးနောက် အခုလို သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ဒေသခံ အမျိုးသားတဦးက “မြန်မာကားတွေ ဟုတ်တယ်။ ကျယ်ဂေါင်က လမ်းဘေးမှာ ရပ်ထားတာပေါ့နော်။ တရုတ်ဘက်က သိမ်းမှာ။ တရုတ်တွေက စာထုတ်ပြီးရင် လုပ်ပါတယ်” လို့ ပြောပါတယ်။

ရွှေလီမှာနေထိုင်တဲ့ အမျိုးသားတဦးကလည်း ဖရိုဖရဲရပ်ထားပြီး လာမရွှေ့တဲ့ ကားတွေကို သိမ်းသွားတာလို့ ပြောပါတယ်။

“တချို့က လူတွေက ဘယ်မှာနေမှန်း မသိဘူး၊ ကားတွေက အဲလိုရပ်ထားတာ။ ကားတွေ တော်တော်များများ ကားအကောင်းစားတွေ။ ဒီဘက်ကိုလာထားတော့ ဖုန်တွေ တင်နေတာလေ။ လမ်းတွေပေါ် ရပ်ထားတာ။ လာမရွှေ့ရင် ကရိန်းနဲ့ ရွှေ့ပြီးတော့မှ သိမ်းဆည်းမယ်လို့ ကြားတယ်။ အများကြီး လမ်းဘေးဝဲယာမှာ အကုန်လာထားကြတာ။ ကားရပ်စရာနေရာတောင် မရှိတော့လောက်အောင်ပါပဲ။ ကားတွေက ကားကောင်း ကားသန့် model မြင့် ကားတွေချည်းပဲ။ အိမ်စီးကားတွေ။ လာထားပြီး မရွှေ့တာ လနဲ့ချီနေပြီ။”

မူဆယ်ဒေသခံတဦးကလည်း “အရင်ကတည်းက အဲဒီ ကျယ်ဂေါင်ဘက်မှာ လိုင်စင်မဲ့ without ဝယ်/ရောင်းကားတွေ များပါတယ်။ မြန်မာဘက်ခြမ်း စစ်ဖြစ်တော့ လာထားတဲ့ ကားတွေလည်း ဖြစ်နိုင်တာပေါ့” လို့ ပြောပါတယ်။

တရုတ်နိုင်ငံ လမ်းအန္တရာယ် ဘေးကင်းလုံခြုံရေးဥပဒေနဲ့အညီ  လမ်းတွေ ပတ်ဝန်းကျင်သန့်ရှင်းစေဖို့ ကျယ်ဂေါင်နယ်စပ်ဧရိယာမှာ အချိန်ကြာမြင့်စွာ ဖရိုဖရဲရပ်ထားတဲ့ ယာဉ်တွေအားလုံး ကြေညာချက်ထုတ်ပြန်တဲ့နေ့မှ ၃ ရက်အတွင်း လာယူဖို့နဲ့ လာမယူပါက တရုတ်ယာဉ်ထိန်းဌာနမှ ဥပဒေနဲ့အညီ ဝန်ချီစက်တွေနဲ့ ဆွဲထုတ်ပြီး သိမ်းသွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က ကျယ်ဂေါင် နယ်စပ် ရပ်ရွာနေထိုင်သူများ ကော်မတီက အသိပေး ကြေညာစာ ထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024