အစုလိုက်အပြုံလိုက် သပိတ်မှောက်နေတဲ့ တောင်ကိုရီးယား ဆရာဝန်တွေဟာ မတ်လမှာ လုပ်ငန်းခွင်ပြန်မဝင်ရင် သူတို့ရဲ့ဆရာဝန်လိုင်စင် ဒါမှမဟုတ် တခြား တရားဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေ ဆိုင်းငံ့ခံရကောင်း ခံရနိုင်တယ်လို့ တောင်ကိုရီးယား ကျန်းမာရေး ဒုဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
လောလောဆယ် သင်တန်းသားဆရာဝန် အယောက် ၉,၀၀၀ ကျော် သပိတ်မှောက်ထားတယ်လို့ ကျန်းမာရေး ဒုဝန်ကြီး ပတ်ခ် မင်စိုးက ပြောပါတယ်။ ဒါဟာ နိုင်ငံတွင်း ဆန္ဒပြနေတဲ့ ဆရာဝန်နဲ့ သင်တန်းသား ဆရာဝန် စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံကျော် အရေအတွက်ပါ။
တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန်ဦးရေ တသိန်းလောက် ရှိနေပေမဲ့ နေ့စဉ်လုပ်ငန်းခွင်မှာ ဒီဝန်ထမ်းအရေအတွက်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
နှစ်စဉ် ဆေးကျောင်းသားဦးရေ ၂,၀၀၀ စီ တိုးမြှင့်ခေါ်ယူဖို့ အစိုးရရဲ့ အစီအစဉ်ကို ဆရာဝန်တွေက ဆန့်ကျင်ကန့်ကွက်နေတာ ဖြစ်ပါတယ်။
ဆန္ဒပြနေဆဲ လူငယ်ဆရာဝန်တွေကတော့ အစိုးရဟာ အထူးကုဆရာဝန် အရေအတွက်ကို တိုးဖို့ မကြိုးစားခင် လုပ်ငန်းခွင်အခြေအနေနဲ့ လုပ်ခလစာကို အရင် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။
ခုလို ဆရာဝန်တွေရဲ့ ဆန္ဒပြပွဲကြောင့် ဆေးရုံတွေက ဝန်ဆောင်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ပြီး တချို့ အရေးပေါ်ခန်းတွေမှာ လူနာတွေကို တခြားကို လွှဲပြောင်းပေးနေရပြီး ခွဲစိတ်မှုတွေကိုလည်း အချိန်ရွှေ့ထားရပါတယ်။
Source/Photo-Reuters