ကချင်ပြည်နယ် ဟိုပင်မြို့မှာ အောက်တိုဘာ ၂၉ မနက် ၉ နာရီလောက်က ဆိုင်ကယ်ပြင်နေတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ ၆ ချက် ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက် ၉ နာရီလောက် စံပါယ်ဖြူ ထမင်းဆိုင်နားက ဆိုင်ကယ်ပြင်ဆိုင်မှာ သေနတ်နဲ့ ၆ ချက်တောင်ပစ်သွားတာ၊ ဘယ်သူပစ်လဲ ဘာလို့ပစ်လဲတော့ မသိရဘူး။ သူက ဒလန် လား ဘာလားတော့ ကျနော်မပြောတတ်ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ဟိုပင်မြို့ မြစံပယ်ရပ်၊ မြသီတာရပ်ကွက်မှာနေထိုင်တဲ့ စက်ပြင်ဆရာ ဦးထွန်းထွန်းဝင်းဖြစ်ပြီး ဒလန် ဟုတ်မဟုတ်ကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။
အခင်းဖြစ်ပွားရာနေရာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပါတယ်။
ဟိုပင်မြို့မှာ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း ပျူစောထီးအသင်းဝင်ဖို့ စည်းရုံးရေးဆင်းနေတဲ့ အမျိုးသမီးတစ်ဦးကို ဟိုပင် PDFက ရှင်းလင်းခဲ့ပါတယ်။