ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းရွာမှာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီ ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသား လူငယ်လေးတယောက် သေဆုံးကာ သူ့ရဲ့ မိခင်ဖြစ်သူကတော့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ခြေလျင်တပ်ရင်း ၄၀ က ပစ်တဲ့ လက်နက်ကြီးကျည် နန့်ရင်းကျေးရွာနား ကျရောက်ပေါက်ကွဲခဲ့ပြီး စိုက်ခင်းသို့သွားတဲ့ သားအမိ နှစ်ဦး ကျည်ထိမှန်ကာ သားဖြစ်သူ သေဆုံးခဲ့တာပါ။
ဒေသခံ အမျိုးသား တဦးက "မနက် ၈ နာရီလောက် စိုက်ခင်းသွားတဲ့ သားအမိ နှစ်ဦး လက်နက်ကြီးကျည် ထိတယ်။ နန့်ရင်းချောင်းနားမှာ ဖြစ်တာ။ သားဖြစ်တဲ့သူကတော့ ပွဲချင်းပြီး သေတယ်။ မိခင်ဖြစ်တဲ့သူကတော့ ခြေထောက်ကို ထိတာ ဒဏ်ရာ အတော်ပြင်းတယ်"လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တဲ့ သားအမိဟာ နန့်ရင်းရွာနေ တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၁၉ နှစ် အရွယ် မောင်စိုင်းစိုင်းနဲ့ အသက် ၅၀ အရွယ် ဒေါ်မိကြည်တို့ ဖြစ်ပါတယ်။
ဟိုပင်မြို့နယ်အတွင်းမှာ ခလရ ၄၀ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ငါးမိုင်ကျေးရွာက နွားနှစ်ကောင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။