မန္တလေးတိုင်း တောင်သာမြို့နယ် မန်ကျီးတဲပင် ကျေးရွာက Mytel တာဝါတိုင်ကို Scorpions People Defence အဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီလောက် လက်လုပ်ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Scorpions People Defence အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒီမိုအောင်က “မန်ကျီးတဲပင်တာဝါကို အောက်တိုဘာ ၂၈ ည ၈ နာရီအချိန်မှာ လက်လုပ်ဗုံးသုံးလုံးနဲ့ပစ်ခွဲပြီး စက်ပုံးတွေကို အဓိကထားဖျက်ဆီးခဲ့တယ်။ တာဝါတိုင်လဲရင် အနီးနားက အိမ်တွေကိုထိမှာစိုးလို့ စက်ပုံးတွေကိုပဲ အဓိကထားဖျက်ဆီးခဲ့တာပါ။”
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း တောင်သာမြို့နယ် နန်းတည်ရွာ မိုင်တဲတာဝါတိုင် စက်ထားရှိတဲ့အခန်းအား ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
Scorpions People Defence အဖွဲ့အနေနဲ့ မိုင်တဲတာဝါတိုင် ၃ တိုင်အထိ လက်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲဖျက်ဆီးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ သန်းခေါင်ယံအချိန်ကလည်း တောင်သာမြို့နယ် ခြုံကြီးကျေးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို TTA ပြောက်ကျားတပ်၊ The Value of Young Men၊ Scorpions PDF ညီနောင် ၃ ဖွဲ့ပူးပေါင်းပြီး ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်။
နိုင်ငံတဝန်း စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၂၀ ကျော် ဖောက်ခွဲဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။