ထိုင်းနိုင်ငံ ဖူးခက်နှစ်သစ်ကူးပွဲတော်မှာ လာရောက်ဖျော်ဖြေဖို့ ဖိတ်ကြားချက်ကို နာမည်ကျော် ကေပေါ့ပ်စတား LISA ဘက်က ငြင်းပယ်လိုက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဝန် ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပြောပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်(တီအေတီ)က Black Pink အဖွဲ့က LISA နဲ့ အီ တလီ ဂီတပညာရှင် Andrea Bocelli တို့ကို လာမယ့် နှစ်သစ်ကူးည Phuket Countdown ပွဲတက်ရောက်ဖို့ ဖိတ်ကြားထားပြီးနောက် LISA ရဲ့ အေဂျင်စီ YG Entertainment က ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က စိတ်ပျက်ရပေမယ့် LISA က လက်ရှိမှာ ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်ဖြစ်တာမို့ တခြားကြိုတင် ကမ်းလှမ်းထားတာတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကာလရှည်ကြာ ပိတ်ထားခဲ့ရတဲ့ ကမ္ဘာလှည့် ခရီးသွားဝင် ရောက်မှုတွေနဲ့အတူ လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်လည်ပတ်နိုင်ဖို့ ထိုင်းအစိုးရက ပြင် ဆင်နေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်(တီအေတီ) အုပ်ချုပ်ရေးမှူး ယူထဆတ်ခ် ဆူပါ ဆွန်ကတော့ “နောင်ကာလတွေမှာ LISA နဲ့ ဆက်လက်ပြီးတော့ လက်တွဲလုပ်ကိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ လတ်တလောမှာတော့ ကျနော်တို့ Andrea Bocelli နဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ တီအေတီအနေနဲ့ နိုင်ငံတွင်းက အဆိုတော်တွေ၊ ကျော်ကြားသူတွေကို ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ကုစားမြှင့်တင်နိုင်ဖို့ ဒီပွဲတော်ကနေ ထိုင်းနိုင်ငံရဲ့ ဒေသတွင်း ယဉ်ကျေးမှု၊ အစား အသောက်၊ လက်မှု အနုပညာလက်ရာတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သူက ဆိုပါတယ်။