ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ NLD ပါတီမြို့နယ်ရုံးကို အောက်တိုဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက စစ်အုပ်စုက လာရောက်မိုင်းခွဲဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
မြို့နယ်ရဲစခန်းနဲ့ တိုင်းမီးသတ်ရုံးရှေ့မှာရှိတဲ့ NLD ပါတီမြို့နယ်ရုံးကို မနက် ၃ နာရီ ၃ မိနစ်မှာ စစ်အုပ်စု တပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“စပေါက်ကွဲတုန်းက မြေကြီးပါတုန်တာ မြို့ပေါ်ရပ်ကွက်တိုင်းကြားတယ်။ အသံကို ဘာဖြစ်တယ်ဆိုတာ မသိဘူး၊ မနက်ရောက်မှ ဒီလိုဖြစ်တယ်ဆိုတာ သိတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးခွဲဖျက်ဆီးခံရတဲ့ NLD ပါတီမြို့နယ်ရုံးမှာ မပြိုကျခဲ့ပေမယ့် အတွင်းရော အပြင်ပိုင်းတွေမှာပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ခုလိုဖျက်ဆီးခံရပေမယ့် ပြည်သူတွေရင်ထဲမှာရှိနေတဲ့ NLD ပါတီဟာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ပါတီကိုယ်စားလှယ်တချို့က ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီရုံးတွေမှာ စစ်ကောင်စီတပ်က လိုက်လံတပ်စွဲခဲ့ပြီး မိုင်းခွဲဖျက်ဆီးတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။