ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ထောက်ကြံကွင်းကျေးရွာမှာ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို အောက်တိုဘာ ၂၉ ရက် မနက် ၄ နာရီခွဲလောက်က ဗုံးခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာဒေသခံတဦးက ''ပေါက်ကွဲသံက သိပ်တော့မကျယ်ဘူး။ ပြီးတော့ မီးလောင်နေတာမြင်ရတာပဲ။ မိုင်တဲဖုန်းလိုင်းလည်းပြတ်သွားတယ်''လို့ ဒေသခံတဦးက အတည်ပြုပြောပြပါတယ်။
''အခု ထောက်ကြံ့ကွင်း Mytel တာဝါတိုင်ကို အဝေးထိန်း အပျော့စားမိုင်းနဲ့ ဖောက်ခွဲလိုက်တာပါ'' လို့ M-PDF တာဝန်ခံက အတည်ပြုပြောပြပါတယ်။
မင်းလှမြို့နယ်မှာ Mytel တာဝါတိုင်ကို ဒုတိယအကြိမ်ဖျက်ဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက် နေ့ကလည်း အုန်းနှဲချောင်းကျေးရွာက Mytel တာဝါတိုင်ကို ဖျက်ဆီးခဲ့တယ်လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M-PDF) ဆီက သိရပါတယ်။
နိုင်ငံနဲ့တဝန်း စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစု စီးပွားရေးဆက်နွှယ်နေတဲ့ Mytel ကုမ္ပဏီရဲ့ တာဝါတိုင်ပေါင်း ၁၆၀ ကျော်ဖျက်ဆီးခံထားရတယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေထံက သိရပါတယ်။