မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အောက်တိုဘာ ၂၅ ရက်မနက်က မိတ္ထီလာစျေးကြီး အနောက်ဘက်လမ်း ဝင်းမာလာမီနီမားကက်နဲ့ အမှတ် ၂ ရဲစခန်အနီး ရပ်ထားတဲ့ စစ်ကားတစီး ဗုံးဖောက်ခွဲခံရတာကြောင့် ရဲ ၁ ဦး နေရာတင်သေဆုံးပြီး ရဲ ၃ ဦးနဲ့ စစ်သား ၁ ဦး ဒဏ်ရာရသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ပေါက်ကွဲသံ ကြားရတယ်၊ စစ်ကားပေါ်မှာ ဖြစ်လိုက်တာဆိုတော့ ပြည်သူတွေ ထိခိုက်မှု မရှိဘူး။ ရမ်းပစ်နေတော့ လူတွေ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ တင်သွားတာ တွေ့ရတယ်။"
မိတ္ထီလာ အမှတ် ၃၅ ရဲတပ်ရင်းက ရဲတွေနဲ့ စစ်သားတွေ ကင်းလှည့်စစ်ကားပေါ်မှာ ရှိနေတဲ့အချိန် ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားလမ်းပေါ် သေနတ် ၂ လက် လွင့်စင်ကြလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရသူနဲ့ လက်နက်တွေကို ဂရုမစိုက်နိုင်ဘဲ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် လူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြတယ်လို့ သိရပါတယ်။
တပ်ထောက်ခံပွဲကို မိတ္ထီလာ-မြင်းခြံကားလမ်းအနောက်ဘက် မိတ္ထီလာစျေးနဲ့ ၅ဖာလုံအကွာ ဇော်ဆေးခန်အနီး မိတ္ထီလာကန်ဘောင်ပေါ်မှာ ပြုလုပ်တယ်လို့ သိရပါတယ်။
ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။ Zero Army Brigade 1 ကတော့ မိတ္ထီလာမြို့နေ ပြည်သူတွေအနေနဲ့ ထိခိုက်မှူ တစ်စုံတစ်ရာ မရှိစေဖို့အတွက် တပ်ထောက်ခံပွဲ ပြုလုပ်နေတဲ့ နေရာနဲ့ အနီးတဝိုက် သွားလာလှုပ်ရှားတာတွေ ဆင်ခြင်ပေးဖို့ အထူးမေတ္တာရပ်ခံကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။