မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းကျေးရွာက စစ်ကောင်စီတပ်နဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ကို အောက်တိုဘာ ၂၃ ရက် ညပိုင်းက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
“ကျနော်တို့ YSO-No.1 ပြောက်ကျားတပ်၊ MG-6 ပြောက်ကျားတပ်၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့နဲ့ YLK ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာပါ” လို့ ပူးပေါင်းအဖွဲ့တွေရဲ့ တာဝန်ရှိသူက အတည်ပြုပြောကြားပါတယ်။
ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ Mytel တာဝါတိုင် ၃၀ နီးပါး ဖျက်ဆီးခံထားရကာ ပြန်လည်ပြုပြင်တာနဲ့ Mytel တာဝါတိုင် ဝန်းကျင်တွေမှာ မြေမြှုပ်မိုင်းထောင်ထားတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ကျေးရွာမှာ Mytel တာဝါတိုင်ကို မီးစက်ဆီလာဖြည့်တဲ့ Mytel ဝန်ထမ်း ၁ ဦးဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိရာက ခြေထောက်ပြတ်သွားတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာအနီးက Mytel တာဝါတိုင်အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိရာက နွားတကောင် ခြေထောက်တဖက်ပြတ်သွားပါတယ်။
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO PDF) က အကြမ်းဖက်စစ်အုပ်စုနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် ၂၀ ကျော် ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
နိုင်ငံတဝန်းက အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင်ပေါင်း ၁၅၀ ကျော် ဖျက်ဆီးခံရပြီးဖြစ်တယ်လို့ မှတ်တမ်းပြုလုပ်ထားသူတွေဆီက သိရပါတယ်။