ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြိုနယ်မှာ ၈ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦး ရာထူးကနေ နုတ်ထွက်ဖို့ စာတင်သွားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့ ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက ''အခုလ အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၈ ရက်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၀ ဦး နုတ်ထွက်စာတင်သွားကြတာပါ'' လို့ အတည်ပြုပြောပါတယ်။
နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်လို့ သိရပါတယ်။
ပေါင်းတည် PDF တာဝန်ရှိသူတဦးက ''ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဘာကြောင့်ပဲဖြစ်ဖြစ် ပြည်သူနဲ့အတူပူးပေါင်းလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့် ရုပ်ပြကောင်းရုံ စာတင်ပြီး နောက်ကွယ်ကနေ စစ်ကောင်စီကို သတင်းပေး ဒလန်လုပ်နေလို့ကတော့ လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး'' လို့ ပြောပါတယ်။
ပေါင်းတည်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စု ၄၄ အုပ်စုရှိကာ နုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၀ ဦးသာရှိသေးပြီး မြို့ပေါ်ရပ်ကွက်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ နုတ်ထွက်စာတင်ထားသူ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံတဝန်း မြို့တွေမှာ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ဗုံးဖောက်ခွဲခံရတာနဲ့၊ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာကြောင့် ရပ်ကွက် ကျေးရွာတွေမှာ အတော်များများ နုတ်ထွက်စာ တင်နေကြတာလည်း ဖြစ်ပါတယ်။