Home
မြန်မာသတင်း
ဝမ်းတွင်းနှင့်ဆားလင်းကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရ
DVB
·
October 22, 2021
244991985_3707029112769412_4198367536957394725_n

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ အောက်တိုဘာလ ၂၁ ရက်မနက်က သဲတောစျေးက ဆိုင်ကယ်နဲ့ ပြန်လာတဲ့ တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖော်လိုက်လာသူတစ်ဦးတို့ကို အမည်မသိလူတစုက သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အုပ်ချုပ်ရေးမှူးကတော့ နောက်ကြောကို အပစ်ခံရတာ ဆိုတော့ စိုးရိမ်ရတယ်၊ အဖော်လိုက်လာသူကတော့ လက်မောင်းကို မှန်သွားတယ်၊  ဆေးရုံကိုပို့လိုက်ကြတယ်" လို့ ပြောပါတယ်။

 ဝမ်းတွင်းမြို့နယ် တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်လွင် နဲ့ အဖော်ဖြစ်သူ ကိုနန်းဝင်းတို့ ၂ ဦး ဟာ သဲတောစျေးက ရွာကိုအပြန် ဆယ်ရွာကျေးရွာသွားလမ်းခုလတ်ရှိ ဇရပ်တစ်ခုအနီးမှာ အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သွားခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာက ဒလန်လို့ နာမည်ကျော်နေတဲ့ ကိုကျော်နိုင်လင်းဟာ အောက်တိုဘာ ၂၂ ရက် မနက် ၁၁ နာရီလောက်က ရွာအရှေ့ပိုင်းက ဆံပင်ညှပ်ဆိုင်မှာ ထိုင်နေချိန် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မျက်မြင် ဒေသခံတဦးက “ဒီလူက အရင်ဆန္ဒပြ သပိတ်ခေါင်းဆောင်အိမ်တွေကို  သတင်းပေးတာတွေ လုပ်ခဲ့တယ်။ သူ ကိုယ်တိုင်ကလည်း NLD‌ ထောက်ခံတဲ့ ရွာသားတွေရဲ့ အိမ်တွေကို မီးရှို့မယ်လို့ အကြိမ်ကြိမ်ကြုံးဝါး ပြောဆိုတာတွေရှိတယ်။ အဖွဲ့အစည်းကတော့ ဘယ်အဖွဲ့အစည်းမှန်းမသိဘူး။ သူကိုသေနတ်နဲ့ပစ်ပြီး နောက်ထပ်ဒလန်တွေလည်း ရှင်းဖို့ရာ ကျန်နေသေးတယ် သတိထားနေကြလို့ အဲဒီအဖွဲ့က ကြုံးဝါးသွားတယ်” လို့ ပြောပါတယ်။

ဒလန်ဆိုပြီး အသတ်ခံရသူဟာ သေနတ်နဲ့ ၆ ချက် ပစ်ခံရပြီး  ဦးခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်ပိုင်းတွေ ထိမှန်ခဲ့ကာ  ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာတင် သေးဆုံးသွားတယ်လို့ ဆိုပါတယ်။

အသတ်ခံရသူရဲ့ မိသားစုဝင်တွေကို  DVB ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ 

ဖောင်းကတာကျေးရွာမှာ အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီက NLD ထောက်ခံသူအိမ်တစ်အိမ်ကို စစ်တပ်ထောက်ခံသူတွေက မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024