မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်ညက ပွင့်ဖြူရဲစခန်းမှူးကား အပါဝင် စစ်အုပ်စုယာဉ်တန်းကို PRA (မကွေး) နဲ့ ပွင့်ဖြူ PDF တို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ် ရှောက်တော-မဲဇလီလမ်း မြောင်းမကြီးဘောင်မှာ မနေ့ကည ၁၁ နာရီခွဲလောက်က ပွင့်ဖြူမြို့မရဲစခန်းမှူး မောင်းလာတဲ့ ကားလေးတစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေ တင်လာတဲ့ ကားကြီးတစ်စီးကို ၂ ကြိမ် ဗုံးခွဲတိုက်ခိုက် စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ PRA (မကွေး) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ယက္ခက ပြောပါတယ်။
အကြမ်းဖက်စုအုပ်စုဘက်က ရဲတွေနဲ့စစ်သားတွေ ပေါင်းပြီးတော့ အင်အား ၁၅ ယောက် လောက်ကို ကား ၂ စီးနဲ့တင်လာတဲ့အချိန်မှာ မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာ ဖြစ်ပြီး ပွင့်ဖြူစခန်းမှူးမောင်လာတဲ့ကားက အပြင်းအထန်ပျက်စီးသွားကာ ကားကြီးကတော့ အနည်းငယ်သာ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြန်လည်ပစ်ခတ်တာကြောင့် လက်ကျန်ဗုံးတွေကို ဖောက်ခွဲပြီးတော့ ဆုတ်ခွာခဲ့ရတာပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိဘူးလို့ ပြောပါတယ်။
PRA (မကွေး) အနေနဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း စလင်းမြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အပါအဝင် ဌာန ၃ ခုကို M79 လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ယောက်နဲ့ ရဲအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းပြည်သူ့တော်လှန်ရေးအင်အားစု PRA အနေနဲ့ ပြောက်ကျားတိုက်ပွဲတွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ စစ်ကောင်စီယာဥ်တန်း၊ အဆောက်အုံတွေ၊ စစ်အုပ်စုနဲ့ နီးစပ်တဲ့ နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ ဘာသာရေးကို အကြောင်းပြပြီး လူစုလူဝေးမလုပ်ကြဖို့လည်း သတိပေးထားပါတယ်။