တနင်္သာရီတိုင်း၊ ထားဝယ်မြို့အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ အောက်တိုဘာ ၁၈ ရက် ညနေနဲ့ ဒီနေ့ နိုင်ငံရေးအကျဉ်းသား ၁၁၀ ကျော် ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူတွေထဲမှာ ထားဝယ်သပိတ်ခရိုင် ကော်မတီဝင် ၁ ဦး၊ အန်အယ်လ်ဒီပါတီဝင်အချို့၊ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ ပါဝင်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထားဝယ်အကျဉ်းထောင်ရှေ့ကနေ ပြန်လွှတ်ပေးတာမဟုတ်ဘဲ သက်ဆိုင်ရာ ရဲစခန်းတွေကနေ ပြန်လွှတ်ပေးလိုက်တာကြောင့် စာရင်းအတိအကျ ကောက်ယူဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။
“မနေ့ညနေနဲ့ ဒီနေ့မနက် ၂၈ ဦးလွတ်လာတယ်။ အခုဒီညနေ လွှတ်တာ အမှုရင်ဆိုင်နေဆဲသူတွေ၊ ၉၀ ကျော်ရှိမယ်။ လောလောဆယ်တော့ စာရင်းအရ အဲလောက်ပဲ သိရသေးတယ်။ ထပ်လွှတ်ပေးဖို့ ရှိသေးတယ်” လို့ သပိတ်ခရိုင်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ ထောင်ဒဏ် ၃ နှစ် ချခံထားရတဲ့ ထားဝယ်သပိတ်ကော်မတီက ကိုကျော်ကျော်ထွေး၊ ရေဖြူမြို့နယ် NLD အလုပ်မှုဆောင်ကော်မတီဝင် ဦးမြင်ဝင်းတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုနဲ့ အကြမ်းဖက်ဖမ်းဆီးခံထားရတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ၅ ဦးအနက် ကိုကျော်ထွေးတစ်ယောက်တည်းသာ ပြန်လွတ်လာသေးတယ်လို့ ဆိုပါတယ်။
ထားဝယ်ခရိုင်အတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၀ နီးပါးထဲက ထက်ဝက်ကျော် ပြန်လွတ်လာတာလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။