ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာနိုင်ငံ တာချီလိတ်ဘက် ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၁၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ ညသန်းခေါင်လောက်က ထိုင်းနယ်ခြားစောင့်တပ်နဲ့ အမှတ် ၃ ခြေလျင်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး နယ်စပ်မျဉ်းတလျှောက် လုံခြုံရေးလှည့်လည်စစ်ဆေးစဉ် မြန်မာဘက်ခြမ်း တာချီလိတ်ကနေ မယ်ဆိုင်မြို့ ကော်ချန့်အုပ်စု ပါဆန်းကျေးရွာဘက်ကို ခြေလျင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို တွေ့ရတာလို့ ဆိုပါတယ်။
အဆိုပါ ၁၉ ဦးထဲမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ဆယ်ကျော်သက် ၅ ဦးတို့ပါဝင်ပြီး ရှမ်းပြည်အနယ်နယ်အရပ်ရပ်ကလာကာ ဘန်ကောက်မှာ အိမ်ဖော်လုပ်ငန်းနဲ့ အထွေထွေ အလုပ်သမား သွားလုပ်ဖို့ ဝင်လာကြောင်း၊ ပွဲစားခမှာ တစ်ဦးလျှင် အနည်းဆုံး ဘတ် ၇၀၀၀ ကနေ ၂၅၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီကစ္စနဲ့ ပတ်သက်ပြီး နယ်စပ်မှာ တရားမဝင်သူတွေကို နိုင်ငံထဲတင်သွင်းနေတဲ့ ဂိုဏ်းရှိနေ ကြောင်း၊ အဲဒီဂိုဏ်းထဲမှာ အဖွဲ့ဝင်အနည်းဆုံး ၁၀ ကျော်ရှိပြီး နောက်ထပ်ခေါ်ဆောင်လာဖို့ ရှိသေးတယ်လို့ သတင်းရထားတာကြောင့် နယ်စပ်လုံခြုံရေးကို ပိုမိုကြပ်မတ်မယ်လို့ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။