စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ပါရမီရွာနဲ့ ကြာပင်လှရွာကြား မိုင်းဆွဲတိုက်ခိုက်အပြီးမှာ စစ်တပ်က ဖမ်းဆီးပစ်သတ်ခဲ့တဲ့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) က ရဲဘော် ၂ ဦးအလောင်းကို ၂ ရက်အကြာမှ သင်္ဂြိုဟ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အလောင်းတွေကို လမ်းပေါ်မှာပဲ ချထားကာ အခြားတော်လှန်ရေးရဲဘော်တွေ အလောင်းလာကောက်ပါ ပစ်ခတ်ဖို့ ကင်းပုန်းချ စောင့်နေကြတဲ့အတွက် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းကမှ နီးစပ်ရာ ကျေးရွာ ရပ်မိရပ်ဖတွေက သင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) ဗိုလ်လင်းယုန်က “ရဲဘော်တွေက ဒီကောင်တွေ လက်ထဲပါသွားတော့ အကောင်းပါ၊ သေချာပါတယ်။ မိသွားပြီးမှ နေရာတင် ပစ်သတ်ခံလိုက်ရတာ။ ဒီကောင်တွေက ပစ်သတ်ပြီးတာတောင် အားမရဘဲ ရဲဘော်တွေကို နေရာအမျိုးမျိုးရွှေ့၊ အနီးနားမှာ ကင်းပုန်းတွေဝပ်ပြီး လာကောက်တဲ့သူတွေကိုပစ်ဖို့ ငါးစာလို ထိုင်မျှားနေတာ။ ကျနော်တို့ ကောက်ဖို့ ကြိုးစားတိုင်း အဲကောင်တွေ ထွက်ထွက်လာလို့ မကောက်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က အရာတော်မြို့နယ် ပါရမီကျေးရွာနဲ့ ကြာပင်လှကျေးရွာကြား စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရလို့ အထိနာခဲ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖမ်းမိထားတဲ့ တော်လှန်ရေး ရဲဘော်နှစ်ဦးကို နေရာမှာ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။
မြို့နယ်အခြေပြု နာရေးကူညီမှုအသင်းအဖွဲ့အချို့က သွားရောက်ကူညီခွင့်တောင်းခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။