ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်က ရွှေ့ပြောင်းလုပ်သားတွေနေတဲ့ ကျူးကျော်နေရာတွေကို ဖယ်ရှားဖို့ အောက်တိုဘာ ၁၅ ရက် ရက်စွဲနဲ့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ ရွှေ့ပြောင်းလုပ်သား တစ်ဦးက ပြောပါတယ်။
"ရွှေ့ပြောင်းလုပ်သားတွေဖြစ်လို့ နေဖို့မပြောနဲ့ စားဖို့တောင်ခက်ခဲနေတယ်။ ပုံမှန်အခြေအနေမှာ ပြဿနာမရှိပေမဲ့ အခုအခြေအနေက စားဖို့တောင်မနည်းရှာဖွေနေရတာ အလှူရှင်တွေလာမှ စားရသလိုတောင်ဖြစ်နေတဲ့အချိန်ဆိုတော့ တကယ်ခက်ခဲတယ်" လို့ ရွှေ့ပြောင်းလုပ်သား တစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့တော်သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရန်ကုန်-ပုသိမ် ကားလမ်းနယ်အတွင်းရှိ ကျူးကျော်အဆောက်အအုံတွေနဲ့ စုပုံထားရှိတဲ့ ပစ္စည်းတွေကို အောက်တိုဘာ ၁၃ ရက်နေ့က တပတ်အတွင်းရှင်းလင်းဖို့ မြောက်ပိုင်းခရိုင် စစ်ကောင်စီရဲ့ စာမှာဖော်ပြထားပါတယ်။
ကျူးကျော်နေထိုင်သူတွေကို အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ယာယီနေထိုင်ခွင့်ကတ် ထုတ်ပေးထားပြီး မြန်မာပြည်အနှံက ရန်ကုန်မှာ လာရောက် အလုပ်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေလို့ သိရပါတယ်။
အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် အရှေ့ခြမ်းရှိ ကျူးကျော်နေအိမ်တွေကို အမြန်ဆုံးဖယ်ရှားပေးကြဖို့ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့လက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ကျူးကျော်တွေကို အပြတ်ရှင်းလင်းဖို့နဲ့ စစ်အုပ်စုနဲ့ အပေါင်းပါတွေကို မြေကွက်နေရာတွေ အမည်ပေါက်ချပေးဖို့ လုပ်ဆောင်နေတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
Photo-MPA