ဧရာ၀တီတိုင်းဒေသကြီးအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက သူ့လက်အောက်ခံအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို တစ်လ ရန်ပုံငွေကျပ်သိန်း ၄၈၀၀ ရှာပေးဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ ခရိုင် ၆ ခရိုင်ရှိတဲ့အထဲက တခရိုင်ကို ငွေကျပ်သိန်း ၈၀၀ လစဉ်ရှာပေးဖို့ ညွှန်ကြားထားတာလို့ စစ်ကောင်စီခန့် မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ညွှန်ကြားတာက စာနဲ့မဟုတ်ဘူး နှုတ်နဲ့ပြောတာ။ တခရိုင် သိန်း ၈၀၀ ရှာပေးရမယ် အားလုံးဆို ၄၈၀၀ ပေါ့။ အဲ့တာကြောင့် ခုလူဖမ်းပြီး ငွေတောင်းပြန်လွှတ်တာတွေ များနေတာ” လို့ ပြောပါတယ်။
တစ်လကို ငွေကျပ်သိန်း ၄၈၀၀ ရှာပေးရမယ့် ဖိအားတွေကြောင့် မြို့နယ်အလိုက် စစ်ကောင်စီ တပ်သားတွေနဲ့ စစ်အုပ်စုဩဇာခံရဲတွေက ပြည်သူတွေကို စွပ်စွဲဖမ်းဆီးတာနဲ့ ငွေတောင်းပြန်လွှတ်ပေးတာတွေ၊ ဖိနပ်မစီးတာကအစ ဒဏ်ငွေရိုက်တာတွေ၊ စက်ဘီးဘဲလ်မပါရင် ဒဏ်ငွေရိုက်တာတွေ စတဲ့ ပုံစံမျိုးစုံပြုလုပ်ပြီး ငွေရှာနေကြတယ်လို့ ဆိုပါတယ်။
တိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်သားတွေက ပိုက်ဆံရှိအသိုင်းဝိုင်းက လူငယ်တွေကိုလည်း ပြန်ပေးဆွဲသလိုလိုက်ဖမ်းပြီး မိဘတွေထံက ငွေသိန်းနဲ့ချီတောင်းကာ ပြန်လွှတ်ပေးတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။