ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေပါဝင်တဲ့အဖွဲ့က အိမ်တိုင်ရာရောက် လာရောက်ကာ မီတာကြဖို့ ပြည်သူလူထုကို ဖိအားပေး တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဖွဲ့လိုက်ကြီး အိမ်ထဲဝင်လာပြီး မီတာကြေး ကျသင့်ငွေ၊ ရက်လွန်ကြေးပေါင်း ဘယ်လောက်ကျတယ်ဆိုပြီး တစ်ခါတည်း ဆောင်ခိုင်းတယ်။ မပေးနိုင်သေးလို့ပါ ပြောရင် မီတာပုံးက ကြိုးကို ဖြတ်ပစ်ခဲ့လိုက်ပြီး တစ်ခါတည်း မီးဖြတ်တာ”လို့ ဒေသခံ တဦးက ပြောပါတယ်။
FMI City အိမ်ရာနဲ့ ကျန်စစ်မင်းအိမ်ရာလို အဆင့်မြင့်အိမ်ရာတွေကိုလည်း နောက်ဆုံး ရက်သတ်မှတ်ပေးပြီး မီတာဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့မှာလည်း စစ်ကားတွေနဲ့ အိမ်တိုင်းစေ မီတာခလိုက် ကောက်နေတယ်လို့သိရပါတယ်။
သာကေတနေ ပြည်သူတဦးက " လာတာကစစ်ကားနဲ့၊ မီတာမဆောင်ထားတဲ့ ၅-၆ လစာကို တစ်ခါတည်း အတင်းပေးခိုင်းတာပါ၊ စစ်သားတွေပါပါလာတော့ မဆောင်ရင်ရိုက်နှက်ဖမ်းဆီးခံရမှာစိုးတော့ လူတိုင်းကမီတာဆောင်နေကြရတယ်"လို့ ပြောပါတယ်။
ဒါ့အပြင်မီတာခမပေးဆောင်တဲ့ တိုက်ခန်း/ နေအိမ်တွေကို EPC က လျှပ်စစ်မီးဖြတ်တောက်နေကြောင်းနဲ့ မီတာမဆောင်တဲ့ ကန်ထရိုက်တိုက်တွေကိုလည်း လျှပ်စစ်မီးဖြတ်တောက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လျှပ်စစ်မီတာခတွေ ပြည်သူလူထုထံက ဖိအားပေးကောက်ခံနေပေမဲ့ ရန်ကုန်တိုင်းမှာ အခုရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေမလာဘဲ အချိန်အတော်ကြာဆက်တိုက်ပြတ်နေပါတယ်။