Home
မြန်မာသတင်း
တပ်မတော်နိုင်ငံရေးတွင် ပါဝင်နေမှုမှ နုတ်ထွက်ရန် ကေအန်ယူတောင်းဆို
DVB
·
October 15, 2021
429291-knu-730x365

တပ်မတော်ရဲ့ဂုဏ်သိက္ခာကျဆင်းနေမှုကိုကယ်တင်ဖို့အတွက်  တပ်မတော်အနေနဲ့  ဖယ်ဒရယ်ဒီမိုက ရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာဖို့နဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုမှ နုတ်ထွက်ကြောင်းကြေညာဖို့  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေစသဘောတူစာချုပ် (အန်စီအေ) ၆ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ တောင်းဆိလိုက်တာဖြစ်ပါတယ်။

ကေအန်ယူအနေနဲ့ အန်စီအေ အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်တလျောက် အကောင်အထည်ဖော်ဘက်တွေနဲ့အတူ စိန်ခေါ်မှုပေါင်းများစွာကို ကြံ့ကြံ့ခံကျော်လွှားက ၂၀၂၀ အလွန်ကာမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောင်ရေးအတွက် အဆင့် ၃ ဆင့်နဲ့ လုပ်ငန်းစဉ် ၃ ရပ်ပါဝင်တဲ့ တဆင့်စီ တိုးတက်မှုရယူနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထောင်ရေးလမ်းကြောင်းကို  သဘောတူညီချက် ရယူနိုင်ခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစ စစ်အာဏာသိမ်းယူမှုက အန်စီအေ အခြေခံမူအားလုံးအပေါ် ချိုးဖောက်မှု ဖြစ်ပေါ်စေကာ အန်စီအေ အကောင်အထည်ဖော်မှုလုပ်ငန်းတွေ အားလုံးကိုလည်း ရပ်သွားစေပြီး တပ်မတော်ဟာ နိုင်ငံရေး ပြဿနာကို  အင်အားသုံး အဖြေရှာတဲ့ စစ်အာဏာရှင်စနစ်သို့ ပြန်လည်ရောက်ရှိသွားပြီလို့လည်း ကေအန်ယူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ နိုင်ငံတဝန်း တိုင်းရင်းသားပြည်သူတရပ်လုံး ဖိနှိပ်မှုပေါင်းများစွာနဲ့ လူမှုစီပွားဒုက္ခပေါင်းများစွာကို ရင်ဆိုင်ခံစားနေရပြီး နိုင်ငံပြိုလဲပျက်စီးလု  အနေအထားကို ရောက်ရှိနေပြီလို့လည်း သတိပေးထားပါတယ်။

ကေအန်ယူအနေနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးမူပေါ် ရပ်တည်နေပေမယ့် ပြဿနာပြေလည်ရေး ပါဝင်ပတ်သက်တဲ့ ဆွေးနွေးဖက်ရဲ့ ရိုးသားမှုနဲ့ သဘောတူညီချက်အပါ် လိုက်နာဖို့ထားရှိတဲ့ အဓိဋ္ဌာန် ခိုင်မာမှုအပေါ် လုံးဝမူတည်နေ တာကို အန်စီအေ အကောင်အထည်ဖော်မှု အတွေ့အကြုံကနေ သိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့်  ဆိုးဝါးနေတဲ့ နိုင်ငံရေးအခြေအနေကို ကယ်တင်ဖို့ စစ်အာဏာသိမ်းယူပြီးနောက် နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ဖမ်းဆီးထားသူအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊ နိုင်ငံတဝန်း ဖြန့်ကြက်ထားတဲ့ ရဲနဲ့စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေကို သူတို့နဲ့ သက်ဆိုင်တဲ့ အခြေစိုက်စခန်းတွေဆေီ ပြန်လည်ရုပ်သိမ်းဖို့နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာထောက်ကူမှုပြုတဲ့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုလုပ်ငန်း လွတ်လပ်စွာ စတင်ဆောင်ရွက်ခွင့်ပြုဖို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနဲ့ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေအပါအဝင် တခြား ဆေးဝါကုသမှုလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုအားလုံး ရုတ်သိမ်းဖို့၊ အရပ်သားများအား ကာကွယ်ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်အားလုံးကို ရဲတပ်ဖွဲ့ဝင်နဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ လိုက်နာရေး အမိန်ထုတ်ပြန်ဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်အာဏာပြုအုပ်ချုပ်အဆုံးသတ်ရေး အထောက်အပံ့ဖြစ်စေမယ့် ကမ္ဘာ့ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာစေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို သဘောတူလက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနဲ့ ဘက်ပေါင်းစုံမှ အဓိကကျတဲ့ ကိုယ်စားပြုသူတွေပါဝင်တဲ့ ညီညွတ်ရေးအစိုးရတရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းကာ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်း နိုင်ငံရေးပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရေး သဘောတူဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024