မန္တလေးတိုင်း၊ သာစည်မြို့၊ သာစည်-မိတ္ထီလာလမ်းမကြီးဘေး အမှတ် ၄ ရက်ကွက်က မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ အောက်တိုဘာ ၁၄ ရက် နေ့လယ်က ဗုံးပစ်ခံရပြီး လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
"ငွေသွင်းငွေထုတ်သူတွေမရှိတော့တဲ့အချိန်မှာ ဖြစ်သွားတာ ရုံးပေါက်တွေပိတ်ပြီး ရုံးတက်နေ ကြတာဆိုတော့ အစအနစင်တာလောက်ပဲ ရှိမယ် ထိခိုက်ပျက်စီးမှုမရှိပါဘူး”လို့ သာစည်မြို့ခံက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်ကလည်း သာစည်မြို့ အမှတ်(၅) ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံး ဗုံးပစ်ခံရတယ်လို့ ရုံးဝင်းထဲပဲကျရောက်ခဲ့လို့ ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်ကလည်း သာစည်မြို့နယ် ကြာဖက်ကုန်းအုပ်စု ပိုးမဲဇာကုန်းရွာမှာ စစ်ကောင်စီသတင်းပေးတစ်ယောက်ရဲ့ နေအိမ်ကို ဗုံးပစ်ခံခဲ့ရပြီး ထိခိုက်မရှိပဲ ပျက်စီးမှု အနည်းငယ်တော့ရှိတယ်လို့ သိရပါတယ်။ အဆိုပါဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာ မသိရှိရသေးပါဘူး။
အလားတူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့မှာလည်း မြို့မရပ်ကွက်မှာရှိတဲ့ မြို့နယ်ပညာရေးမှူးရုံးမှာ အောက်တိုဘာ ၁၄ ရက် ဒီနေ့ မွန်းလွဲ ၁၂ ခွဲလောက်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့မြို့ခံတဦးက ''ဗုံးကွဲတာ ဟုတ်တယ်ဗျ။ အရင်ကတည်းက အဲ့ရုံးမှာ စစ်ကောင်စီ တပ်သားတွေတပ်စွဲထားတာ။ ဘာတွေဖြစ်ကုန်လည်းမသိဘူး။ သူတို့ စစ်ကောင်စီ ဘက်က အင်အားအလုံးအရင်းနဲ့တော့ စစ်ဆေးနေတာဘဲ။ ဘယ်သူမှလည်း မသွားကြည့်ရဲကြဘူး'' လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံး ကိုဆက်သွယ်ခဲ့ပေမယ့် ''လာရောက်မေးမြန်းလှည့်ပါ'' လို့သာ ဖြေဆိုပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်ပညာရေးမှူးရုံးကို ဗိဿနိုးတပ်ဖွဲ့ဝင်တွေက ချိန်ကိုက်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ကြေညာထားသလို ဗိဿနိုးကာကွယ်ရေး တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံကလည်း ဒီဗွီဘီကို အတည်ပြုပြောပြပါတယ်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခုဗုံးခွဲတိုက်ခိုက်မှုဟာ ကျောက်ပန်းတောင်း မြို့မှာ ပထမဆုံးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။