ရုရှားက စွမ်းအင်ကို လက်နက်အနေနဲ့ သုံးနေတယ်လို့ဆိုတဲ့ အတွေးအခေါ်ဟာ အဓိပ္ပာယ်မရှိဘူးလို့ သမ္မတ ပူတင်က စွမ်းအင်ညီလာခံမှာ ပြောကြားလိုက်ပြီး ရုရှားဟာ ဥရောပက တောင်းဆိုခဲ့ရင် ဥရောပကို ဓာတ်ငွေ့တွေ ပိုပြီး ပို့ဖို့ အဆင်သင့်ပဲ လို့လည်း ပြောပါတယ်။
ရုရှားအစိုးရဟာ နိုင်ငံရေး အကြောင်းရင်းတွေအတွက် ဓာတ်ငွေ့ ဖြန့်ဖြူးမှုကို အကျပ်အတည်း ဖြစ်အောင် လုပ်တယ်ဆိုတဲ့ အဆိုပြုချက်တွေကို ပယ်ချလိုက်ပါတယ်။
ပူတင်ကတော့ ရုရှားရဲ့ ဓာတ်ငွေ့သိုက်ဟာ အကန့်အသတ် မရှိဘူး လက်ရှိ အခြေအနေမှာတောင် ဥရောပကို ပိုတိုးပြီး ဖြန့်ဖြူးနေတယ်လို့ ပြောပါတယ်။
ဥရောပမှာ ဓာတ်ငွေ့ဈေးနှုန်းဟာ ဒီလထဲမှာ စံချိန်တင် မြင့်တက်ခဲ့ တာပါ။ ဥရောပဟာ ဓာတ်ငွေ့အကျပ်အတည်းကြောင့် အိမ်သုံး ဓာတ်ငွေ့ဖိုးတွေ ပိုကောက်နေရပြီး သံမဏိ ထုတ်လုပ်သူတွေနဲ့ မြေသြဇာစက်ရုံတွေလို လုပ်ငန်းတွေမှာ အထိအခိုက် များနေပါတယ်။
နောက်ထပ် ဓာတ်ငွေ့ရောင်းချရေး ဆွေးနွေးဖို့ အသင့်ပဲလို့ ပူတင်က အကျယ်တဝင့် ရှင်းမပြဘဲ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားအစိုးရ ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်ကတော့ ရုရှားဓာတ်ငွေ့လုပ်ငန်း ဂဲ့ဇ်ပရွန်ဟာ ဥရောပကို လက်ရှိ ကန်ထရိုက်စာချုပ်အောက်မှာ အမြင့်ဆုံး အဆင့်ထိ ဥရောပကို ဓာတ်ငွေ့ တင်ပို့နေပြီး ထပ်တိုး မှာယူချင်ရင် ဒီကုမ္ပဏီနဲ့ ညှိနှိုင်းဖို့ လိုမယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။