မွန်ပြည်နယ်၊ ဘီးလင်းမြို့က မြန်မာ့စီးပွားရေးဘဏ်အရှေ့နဲ့ စည်ပင်သာယာရေးအဖွဲ့ရဲ့ မြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုအနေနဲ့ အမှတ်(၈) ခြေလျင်တပ်ရင်းအနီးက မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဒီကနေ့ မနက် ၆ နာရီအချိန်ခန့်က ဗုံးပေါက်ကွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ မနက် ၈ နာရီအချိန်မှာတော့ မြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ဘီးလင်းမြို့ဝင် ဘီးခွန်ကောက်ခံရေးဂိတ်ကို ပြီးခဲ့တဲ့ လပိုင်းကတည်း ပိတ်သိမ်းထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်လုံခြုံရေးယူပြီးနောက် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ တာပါ။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် စည်ပင်သာယာရေးအဖွဲ့ရဲ့ ဘီးခွန်ကောက်ခံရေးဂိတ် ထိခိုက်ပျက်စီးမှု တချို့ရှိခဲ့ပါတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် ဘီးလင်းမြို့ရဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေသလို ရပ်ကွက်အချို့မှာလည်း လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။