မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့ မကွေးတိုင်းရေစကြိုမြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်တိုဘာလ ၁၁ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားကြပြီး စစ်ကောင်စီဘက်က ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ မြင်းခြံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းနဲ့ အင်အား အယောက် ၈၀ လောက်က ရေစကြိုမြို့နယ် မိဖုရားရွာထဲဝင်လာပြီး သေနတ်နဲ့ စတင်ပစ်ခတ်ရာက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မိဖုရားနဲ့ ကျွဲကုန်းကြားမှာ မြေနီလမ်းပေါ်လောက်က ထုနေတဲ့အသံတွေ ကြားတယ်။ နောက်ပိုင်းကားတွေကို သေချာမထိဘူး ထင်တယ်။ တန်းမောင်းသွားကြတာ တွေ့တယ် မိုင်းဆွဲတာ၊ ကားအဖြူနဲ့ စစ်ကားတစ်စီးပဲ စစ်ကားပေါ်မှာ လူနည်းနည်းလေးပဲကျန်ခဲ့တာ ခန့်မှန်း လေး ငါးယောက်လောက်ပဲ ကျန်တဲ့သူတွေက တိုက်တဲ့ထဲမှာ အကုန်ပါတယ်။ နောက်တစ်ချက် ထပ်ကွဲသံကြားတာ ပိုကျယ်တယ်။ မိဖုရားစာသင်ကျောင်းနားမှာဖြစ်တာ။ ကျွဲကုန်း အရှေ့ဘက်မှာ လက်နက်ကြီး ကျတယ်။ ကျွဲကုန်း သင်္ချိုင်းကုန်းနားမှာ RPG နဲ့ ရမ်းထုခံရတယ်။ အရပ်ဝတ်တွေနဲ့ သူတို့ကဒဏ်ရာရတဲ့သူတွေကို သယ်နေကြတာ တွေ့တယ်”လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် ရွာသူရွာသားတွေအနေနဲ့ စစ်ဘေးရှောင် ထွက်ပြေးနေကြပြီး မိဖုရားကျေးရွာအရှေ့ စာသင်ကျောင်း ရေကျော်အနီးမှာ စစ်ကောင်စီတပ်က မိုင်း ၃ လုံး ထောင်ခဲ့တာကြောင့် ရွာသားတွေ ပြန်မလာနိုင်သေးဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၁၂ ရက် ဒီမနက်ပိုင်းမှာ မိဖုရားရွာအရှေ့ဘက်မှာ စစ်ကောင်စီတပ်တွေက ရမ်းသန်း ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်က မနက် ၁၀ နာရီလောက်အထိ မိဖုရားရွာအတွင်းကနေ ပြန်လည်ထွက်ခွာခြင်း မရှိသေးတာကြောင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တယ်လို့ဒေသခံတချို့က ပြောပါတယ်။