ပဲခူးတိုင်း၊ သက္ကလမြို့နယ်၊ ရွှေပြည်အေးရပ်ကွက်က အုပ်ချုပ်ရေးမှူး တယောက် အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဦးဟာ ပဲခူး-သက္ကလ ကားမှတ်တိုင်မှာ ကွမ်းယာဝယ်နေစဉ် သေနတ်နဲ့ ၅ ချက် ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “မနက် ၁၁ နာရီလောက်က ဇော်ထွေးကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေတုန်း သေနတ်နဲ့ ၅ ချက် ပစ်ခံရတာ၊ ၂ ချက် မှန်ပြီး ပွဲချင်းပြီးသေတာပဲ။ ဘယ်သူပစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။
ဦးအောင်မင်းဦး သေနတ်ပစ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးနေပါတယ်။