စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တစ်ခုမှာ အောက်တိုဘာ ၁၀ ရက်က မိုင်းနင်းမိပြီး ဒေသခံ ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။
“မနေ့ ညနေ ၆ နာရီဝန်းကျင်က ကြက်သွန်စိုက်ဖို့ လယ်ထဲမြေသွားကြည့်ရာကနေ မိုင်းနင်းမိလို့ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခု မိုင်းနင်းမိတဲ့နေရာက ချောင်းဦးမြို့အနောက်ဘက် အမြင့်သွားတဲ့ ကြေးနီတံတားအနီး လူသွားလူလာများတဲ့ လယ်တောထဲမှာ နင်းမိတာလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်ကစပြီး မိုင်းအလုံး ၅၀၀ စီမံကိန်းကို စတင်မယ်လို့ ကြေညာထားတဲ့ အပြင် ရဲစခန်းတွေ၊ စစ်ကောင်စီရုံးစိုက်ရာနေရာတွေနား မသွားကြဖို့နဲ့ အဓိက မုံရွာ၊ ပုလဲ၊ ဂန့်ဂေါလမ်းမကြီးကို မသွားကြဖို့လည်း ပြည်သူ့တော်လှန်ရေး တပ်မတော် People Revolution Army (PRA) က သတိပေးထားပါတယ်။
အဲဒီရက်မတိုင်မီကလည်း တိုက်ပွဲဖြစ်ပွားရာနေရာဒေသတော်တော်များက ဒေသခံတချို့လည်း မိုင်းနင်းမိတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ လူသတ်မိုင်းကြောင့် သေဆုံးသူ တတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်ထားတာပါ။