ဧရာ၀တီတိုင်း၊ မအူပင်မြို့၊ မြို့သစ် ၇ လမ်းရှိ စစ်တပ်အမာခံသတင်းပေးတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ထိုင်လေ့ရှိတဲ့ အရက်ဆိုင်နားမှာ အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ပိုင်ရှင်ကလည်း သတင်းပေးပါ။ အဲ့ဆိုင်မှာက စစ်တပ်သတင်းပေးတွေရော၊ ကြံ့ခိုင်ရေးတွေရော ထိုင်တာ။ အဲ့ဆိုင်နားပေါက်သွားတာ။ ထိတဲ့သူတော့ မရှိဘူးကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဆိုင်ရှေ့ရပ်ထားတဲ့ သဲတင်ထားတဲ့ကားအောက်ကနေ ဗုံးကွဲတာကြောင့် သဲတင်ကားတဲ့ကား အနည်းငယ်ပျက်စီးသွားပေမဲ့ လူထိခိုက်တာ မရှိပါဘူး။
အလားတူ မအူပင်ကမ်းနားလမ်းမှာလည်း ဒီနေ့မနက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မှာ အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းကလည်း မြို့အဝင်တံတားထိပ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ ဗုံးပေါက်ကွဲမှုတွေ ၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အောက်တိုဘာလဆန်းပိုင်းမှာတင် ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။