ကရင်ပြည်နယ်၊ ကမမောင်းမြို့မှာ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။
အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကို အမည်မသိသူ သေနတ်သမား နှစ်ယောက်က သေနတ်နဲ့ ၄ ချက် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဦးသန်းအောင်က အရင်က ရာအိမ်မှူးပါ၊ အုပ်ချုပ်ရေးမှူးကို စကစက ဖြုတ်ပြီး ဦးသန်းအောင်ကို အုပ်ချုပ်ရေးမှူးခန့်လိုက်တယ်။ မနက် ၈ နာရီလောက် စျေးကပြန်လာတော့ သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ဆိုင်ကယ်ပေါ်က ပစ်သွားတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်သမားနှစ်ယောက်ဟာ ပစ်ခတ်အပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာဖြစ်လို့ ပတ်ဝန်းကျင်ကသူတွေလည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိလိုက်ရဘူးလို့လည်း ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် အခင်းဖြစ်ရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စုံစမ်းမေးမြန်းနေပါတယ်။
ကမမောင်းမြို့ပေါ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံရတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။