မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံရွာကနေ ပခုက္ကူကို ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာတင်ဆောင်လာတဲ့ ၃ စီးတွဲယာဉ်တန်းဟာ အမှတ် ၂၅၈ တပ်နဲ့ ကံသစ်ကျေးရွာအနီးမှာ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “၃ စီးတွဲလာတာ ၁ စီးတော့ထိတယ်။ အရမ်းမထိခိုက်လို့လား မသိဘူး။ ၃ စီးလုံး မောင်းပြေးသွားကြတယ်” လို့ ပြောပြပါတယ်။
စစ်ကား ၃ စီး မိုင်းခွဲခံရပြီး မောင်းပြေးစဉ် ပတ်ဝန်းကျင်က ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်ခဲ့တာတွေကြောင့် အိမ်တွေမှာ ကျည်ဆန်တွေထိမှန်ခဲ့ပြီး ပြည်သူထိမှန်တာ မကြားရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က ဆွဲမိုင်း ၃ လုံးနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁ လုံးသာ ပေါက်ကွဲတဲ့အတွက် စစ်ကား ၁ စီးသာ ပျက်စီးသွားခဲ့ကြောင်း၊ နောက်နောင်အခွင့်သင့်သလို အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ YSO-PDF တာဝန်ရှိသူက ပြောပါတယ်။
ရေစကြိုမြို့နယ်ဟာ ရပ်ကွက်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်ထားတဲ့ မြို့နယ်လည်းဖြစ်ပါတယ်။