ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေအပါအဝင် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး စုစုပေါင်း ၄၄ ဦး နုတ်ထွက်သွားတယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေအားလုံး နုတ်ထွက်ကြဖို့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်မှာ သတိပေးချက် ထုတ်ပြန်ပြီးနောက်ပိုင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ခရမ်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာ ၅၆ ရွာ ရှိပြီး အောက်တိုဘာ ၉ ရက်အထိ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၄ ဦး နုတ်ထွက်ခဲ့တဲ့အတွက် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဝက်ကျော် နုတ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။
မိသားစုရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် နုတ်ထွက်ခွင့်ပြုဖို့နဲ့ ကျန်းမာရေး အခြေအနေ မကောင်းတာကြောင့် တာဝန်က နုတ်ထွက်ခွင့်ပြုဖို့စတဲ့ အကြောင်းအရာတွေနဲ့ ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီမှာ နုတ်ထွက်စာတင်ထားကြတာပါ။
ခရမ်းမြို့နယ်အတွင်း ကျန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံး အောက်တိုဘာ ၁၈ ရက်နောက်ဆုံးထား နုတ်ထွက်ကြဖို့ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က အသိပေးထုတ်ပြန်ထားပါတယ်။