ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက မြို့အဝင် ဆိုင်းဘုတ်နားမှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်အုပ်စုက ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ ညနေပိုင်းမှာ ဒေသခံပြည်သူ ၁၅ ဦးကျော်ကို စွပ်စွဲဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ ၂၀ ကျော်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မဆိုင်တဲ့ လမ်းသွားလမ်းလာတွေကို ဖမ်းသွားတာ စဖြစ်တဲ့နေ့က၊ နောက်နေ့ဖမ်းတာလည်း အဲ့လို မဆိုင်တဲ့သူတွေကို ဖမ်းတာ။ မဟုတ်ရင်လည်း ပိုက်ဆံတောင်းပြီးမှ ပြန်လွှတ်ပေးတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူတွေကတော့ ခုချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒေးဒရဲမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၅၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။