မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ရွာကို အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီး မီးရှို့တာကြောင့် နေအိမ် ၅ လုံးလောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျွန်းဒတ်ရွာကို ဒီကနေ့မနက် ၁၀ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးအဖွဲ့တွေ ကား ၄ စီးနဲ့ လာရောက်ပြီး မီးရှို့တာကြောင့် နေအိမ် ၅ လုံးလောက် မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်တွေဟာ ကျွန်းဒတ်ရွာထဲက နေအိမ်တွေက ငွေကြေးနဲ့ ပစ္စည်းတွေကို ခိုးယူပြီးတော့ ကားနဲ့ အပြည့်တင်ဆောင်ထားသလို ပြီးခဲ့တဲ့ရက်တွေကလည်း နေအိမ်တွေက ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူသွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုရက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ကျေးရွာတချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယောဒေသအတွင်းက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်မွှေနှောက်တာကြောင့် ကျေးရွာ ၁၁ ရွာလောက်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ပုံဟောင်း