Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ ရွာသား ၄  ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
DVB
·
September 23, 2023
gantgaw2392023

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ရွာပြင်ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေကာ ရွာသား ၄ ဦးကိုလည်း ဖမ်းဆီးပြီး စစ်မေးနေတယ်လို့ ဂန့်ဂေါဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစီးထီး စခန်းကုန်းကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ကန့်သတ်ရွာကို ထိန်းချုပ်လိုက်တာလို့ သိရပါတယ်။

ဒေသခံတဦးက “စစ်တပ်ကုန်းကို ဝင်စီးတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကန့်သတ်ရွာသား ၄ ဦးကို ဖမ်းထားတယ်”လို့ ပြောပါတယ်။

ကန့်သတ်ရွာဟာ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရာ ကပစ ၂၃ စက်ရုံ အနီးမှာရှိကာ ကန့်သတ်ရွာသားတချို့ကိုတော့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပါတယ်။

ကန့်သတ်ရွာကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ရွာသားတွေကို ရွာတွင်းရွာပြင်ထွက် ခွင့်ပိတ်ပင်ထားပြီး မလိုက်နာရင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF Kyaw ပြန်ကြားရေးတာဝန်ခံက “အခုအခြေအနေကတော့ ကျနော်တို့ကို သတင်းပေးတယ်ဆိုပြီး ရွာကိုထိန်းချုပ်ထားတာပါ ဖမ်းဆီးခံရတယ်လို့တော့ မကြားမိပါဘူး” လို့ ပြောပါတယ်။

ကန့်သတ်ရွာ စစ်ကောင်စီတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ် ၆ လက်အပါအဝင် ခဲယမ်း အမြောက်အမြားကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ YNTF -Htinlin က ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါမြို့နယ် ကန့်သတ်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး လူဦးရေ  ၂၂၀၀ ကျော်နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024