မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ချောင်းရေကြီးမှုကြောင့် စစ်ဘေးရှောင်တဲ ၂ လုံး ရေထဲမျောပါသွားကာ လူကူတံတား ပျက်စီးသွားပြီး နှမ်းဧက ၂၀၀ ဝန်းကျင်လည်း ဆုံးရှုံးသွားတယ်လို့ ဂန့်ဂေါနယ် ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၃၁ ရက် မနက် ၁ နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းရေ ရုတ်တရက် မြင့်တာလာကာ ချောင်းဘေးမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေ ညကြီးအချိန်မတော် နေရာပြောင်းရွှေ့ခဲ့ကြရပြီး နောက်ရက်မှာ ရေကျသွားတယ်လို့ ဆိုပါတယ်။
ထယ်လှော်ရွာခံတဦးက “စစ်ဘေးရှောင်တဲ ၂ လုံးကတော့ ရေထဲကို မျောပါသွားတယ်။ တခြားတဲတွေက ပျက်စီးတယ်။ ရုတ်တရက် ရေလျှံလာတော့ ပစ္စည်းအားလုံး မရွှေ့လိုက်နိုင်ဘူး။ နှမ်းခင်းတွေလည်း ရေမြုပ်ပြီး ပျက်စီးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ ထယ်လှော်ရွာအနီးက ချောင်းဘေးမှာ အိမ်ထောင်စု ၁၅၀ ကျော် စစ်ဘေးရှောင် ဒေသခံ ၄၀၀ ကျော် နေထိုင်ကြပြီး နေထိုင်စားသောက်ရေး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီချောင်းရေလျှံမှုကြောင့် လောဂတ်ချောင်းကိုဖြတ်ပြီး တောင်ယာပြင်ရွာမှ မောက်ရွာနဲ့ ရွှေတောင် ရွာသုံးရွာ ဆက်သွယ်ထားတဲ့ မေတ္တာကြိုးတံတားလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ရွာပြင်ရွာခံတဦးက “တံတားက ကွန်ကရစ်တွေလည်း အက်သွားပြီ။ တံတားကလည်း ရွဲ့သွားပြီး ပျက်စီးသွားတာ။ သံကြိုးတွေကလွဲပြီး အကုန်လှဲရမှာ။ ကွန်ကရစ်တွေလည်း ပြန်လောင်းရမှာ၊ ပြီးရင် ပစ္စည်းတွေဝယ်ရင်လည်း အရင်က ကုန်ကျတဲ့စျေးထက် နှစ်ဆကျော် ကုန်ကျမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျေးရွာချင်း ပေါင်းကူးဆက်သွယ်ထားတဲ့တံတား ပျက်စီးသွားတာကြောင့် လက်ရှိ တရွာနဲ့တရွာ ကူးလူးဆက်သွယ်ဖို့ ခက်ခဲနေပြီး တံတားအမြန်ပြုပြင်ဖို့လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီရေကြီးတဲ့ ချောင်းတွေဟာ ဒေသအခေါ် တင်းလဲချောင်းနဲ့ လောင်ဂတ်ချောင်းလို့ အမည်ရပြီး ချင်းတောင်ပေါ်ကနေ စီးဆင်းလာတဲ့ချောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ