စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာကို မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၈ ယောက် အောက်တိုဘာ ၄ ရက် မနက်ပိုင်းက မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ကန့်ဘလူ UG လူငယ် အဖွဲ့ဝင်တစ်ဦးက “ဆိုင်ကယ် ၄ စီးနဲ့ ရဲ ၈ ယောက် ရွာထဲဝင်လာတယ်။ ဝင်လာတုန်းကို မိုင်းဆွဲတိုက်ခိုက်တာ ထိခိုက်ဒဏ်ရာရသူ ရှိတယ်။ သူတို့စခန်းကနေ သေတဲ့သတင်းတော့မကြားသေးဘူး” လို့ ပြောပါတယ်။
အင်းလယ်ကြီးရွာတောင်ပိုင်းမှာ ကန့်ဘလူ UG အဖွဲ့က လက်လုပ်မိုင်းတွေ အယောင်ပြ မြှုပ်ခဲ့တာကို မြင်တဲ့ ပျူစောထီးအဖွဲ့တွေက စခန်းကို သတင်းပေးတာကြောင့် မိုင်းရှင်းလင်းဖို့ လာတဲ့ ရဲတွေ တိုက်ခိုက်ခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်းလယ်ကြီးရွာမှာ လက်နက်အင်အားရှိတဲ့ ပျူစောထီးအဖွဲ့တွေ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ကန့်ဘလူ UG လူငယ်အဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ၃ ကြိမ်ရှိသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။