မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၃ ရက်က စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်း ၄ ယောက်အပါဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေလယ်ပိုင်းက ကိုဗစ်-၁၉ သံသယလူနာတွေနဲ့ နေရပ်ပြန်လာသူ ၄၅၃ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
အဲဒီပိုးတွေ့တဲ့အထဲမှာ ကပစ(၂)က အမျိုးသား ၂ ယောက်၊အမျိုးသမီး တစ်ယောက်နဲ့ ကပစ(၁၀)က အမျိုးသား ၁ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့တဲ့လူနာတွေကို ကပစစက်ရုံနှစ်ရုံရှိ ကိုဗစ်စင်တာတွေနဲ့ ကျေးရွာ ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေပါတယ်။
မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၅၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးတဲ့သူ ၆၇ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။