မကွေးတိုင်း၊ ရေစကြိုမြို့၊ ငါးရာပြည့်ရပ်၊ လယ်တော်ညောင်ပင်ဘုရားအနီးက Date လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၄ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်က စစ်တပ်က ပစ်ခတ်လို့ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးကိုလည်း အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။
ဒေသခံတဦးက “Date စားသောက်ဆိုင်ထဲကို ဝင်ပစ်တာ။ ဘာကြောင့် ဝင်ပစ်တာလဲတော့ မသိဘူး။ ကျနော်တို့လည်း အသက်လုပြီး ပြေးခဲ့ရတယ်။ လူငယ် တယောက်တော့ ကျည်မှန်ပြီး နေရာမှာပဲ ဆုံးသွားတယ်။ နှစ်ယောက်ကိုလည်း အကြမ်းဖက်ပြီး ဖမ်းသွားတယ်”လို့ အတည်ပြုပြောပါတယ်။
လက်ဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံနောက်တစ်ဦးကလည်း “ခု မနက် ၉နာရီခွဲလောက်က စစ်တပ်က ကောင်တွေ လက်ဖက်ရည်ဆိုင်အတွင်းကို ဝင်လာတယ်။ ငါးဦးဖမ်းပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်တယ်၊ ဆိုင်ထိုင်နေတဲ့လူတွေက ထွက်ပြေးကြတာပေါ့။ ပြေးတဲ့လူတွေကိုသေနတ်နဲ့လိုက်ပစ်တယ် ကောင်လေးတစ်ဦးထိတာ ခေါင်းကိုမှန်တာပဲ အခုတော့ သေသွားပြီ အရေးပေါ်ပရဟိတကားရောက်လာပြီးတော့ ဆေးရုံလိုက်ပို့ပေမယ့် မမှီလိုက်တော့ဘူး” လို့ပြောပါတယ်။
မနေ့ ညနေပိုင်းက ရေစကြို- ပခုက္ကူ တိုးဂိတ်အနီးမှာ တပ်သားအယောက် ၂၀ လောက် တင်ဆောင်လာတဲ့ စစ်ကားဗုံး ၃လုံးပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရရှိသူ တွေရှိခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေမှာ ထိုးစစ်ဆင်နေရာမှာ ဇက်ဆိပ်ကနေ ကျေးရွာထဲအဝင် စစ်ယာဉ်တန်း ဗုံးခွဲခံရပြီး စစ်သားနှစ်ဦး သေဆုံးကာ ရဲနှစ်ဦးနဲ့ စစ်သားနှစ်ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စု ၈၉ အုပ်စုရှိပြီး အုပ်ချုပ်ရေးမှူး ၈၀ နီးပါး နုတ်ထွက်သွားကြပြီး ၁၀ ဦးနီးပါးသာ နုတ်ထွက်ဖို့ ကျန်တော့တယ်လို့ မြို့နယ်ထွေအုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။