Home
မြန်မာသတင်း
ညောင်တုန်းနှင့် ဒေးဒရဲတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
DVB
·
October 4, 2021
243479854_1195659960918345_3694832440969869911_n

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်နဲ့ ဒေးဒရဲမြို့တို့မှာ အောက်တိုဘာ ၃ ရက်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့နယ်၊ ရန်ကုန် - ပုသိမ် တာကွေ့ကျေးရွာနား ကမ်းလမ်းဘေးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်လောက်က ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့လကလည်း ပေါက်သေးတယ်၊ ညပိုင်းပေါက်တာ။ အဲ့တုန်းက အသံသိပ်မကြားရဘူး၊ ခုတစ်ခါက ကြားရတယ်။ အနီးနားဆိုရင် မြေကြီးပါတုန်လောက်မယ်။”

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်တွေရောက်လာပြီး လမ်းသွား လမ်းလာတွေကို ဆဲဆိုကြိမ်းမောင်းကာ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ညောင်တုန်းမြို့၊ တာကွေ့ကျေးရွာမှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၁ ဦး ထိခိုက်တာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

ဒေးဒရဲမြို့နယ်မှာလည်း အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီလောက်က သမဝါမရုံးအနီး မြို့ဝင်ဆိုင်းဘုတ်နားမှာ ဗုံး ၂ လုံး ဖောက်ခွဲခဲ့တယ်လို့ ဒေးဒရဲ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီလက်အောက်ခံတွေနဲ့ ဒလန်တွေကို သတိပေးတဲ့အနေနဲ့ဖောက်ခွဲခဲ့တာပါ၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကိုလည်း ဆက်ပြီး တိုက်ခိုက်ဖျက်ဆီးသွားဖို့လည်း ရှိပါတယ်။”

ဒေးဒရဲမြို့မှာ နေထိုင်သူတွေအနေနဲ့လည်း စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်အုပ်စုသတင်းပေးတွေနဲ့ အဝေးမှာနေထိုင်သွားလာကြဖို့နဲ့ မဆိုင်တဲ့သူတွေကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်မှာ ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် အကြမ်းဖက်စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ဆဲဆိုခြိမ်းခြောက်စစ်ဆေးတာတွေ ပြုလုပ်ပြီး ဘေးတွဲဆိုင်ကယ်မောင်းသူ တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024