မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အောက်တိုဘာ ၂ ရက် ညနေ ၃ နာရီကျော်လောက်က နေအိမ်မှာ လာရောက်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဦးမျိုးဝင်းရဲ့ ဇနီးဖြစ်သူကို ပထမဖမ်းဆီးခေါ်သွားပြီး ပြန်လည်လွတ်ပေးလိုက်ပေမဲ့ ဦးမျိုးဝင်းရဲ့ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူကိုတော့ ပြန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို နေအိမ်က ကား ၁ စီး နဲ့ ဆိုင်ကယ် ၂ စီး ပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးမျိုးဝင်းရဲ့ မိခင်ဖြစ်သူက အသက်ရွယ်အားဖြင့် အသက် ၉ဝ ကျော်ရှိပြီး ကျန်းမာရေးလည်း သိပ်ပြီး မကောင်းသလို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဦးမျိုးဝင်းရဲ့ နေအိမ်ကို မကြာခဏ ဝင်ရောက်ရှာဖွေလေ့ရှိကြပေမဲ့ ယနေ့အထိ ဦးမျိုးဝင်းကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲ အခုလို သူရဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရေးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူတွေကို စစ်ကောင်စီတပ်တွေက နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတာကြောင့် အန်အယ်လ်ဒီအမတ်ဟောင်း ဦးမျိုးဝင်းနဲ့ သူရဲ့ သားဖြစ်သူ ဆရာဝန်တဦးတို့ဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။