ထားဝယ်မြို့က တော်လှန်ရေးသမား ကိုရာဇာထွန်းဟာ လွန်ခဲ့တစ်ပတ်က ရဲဘော် ၂၃ ဦးနဲ့အတူ စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် စက်တင်ဘာ ၃၀ ရက် ညပိုင်းမှာ ကျဆုံးသွားပြီလို့ သူနဲ့ရင်းနှီးသူတချို့ဆီက သိရပါတယ်။
စစ်တပ်ဘက်က ကိုရာဇာထွန်း သေဆုံးကြောင်း သူ့ရဲ့ မိသားစုကို အောက်တိုဘာ ၁ ရက်နေ့မှာ အသိပေးခဲ့တာလို့ ရင်းနှီးသူတဦးက ပြောပါတယ်။
“စစ်ချက်မရမချင်း မသေမချင်း နှိပ်စက်ခဲ့ကြတာပါ။ စစ်ကြောရေးမှာ ခြေထောက်ကို ကြိုးတန်းလန်းဆွဲပြီး ရိုက်တယ်။ သေနတ်ဒင်တွေနဲ့လည်း ထုထားတာ ဒဏ်ရာအများကြီးပဲ။ မျက်နှာကို အဝတ်စည်းပီး သွားကျွတ်ထွက်အောင်ထိ နှိပ်စက်ကြတာ။”
ကိုရာဇာထွန်းနဲ့ ရဲဘော် ၂၃ ဦးတို့ဟာ လွန်ခဲ့တဲ့တစ်ပတ်က ပုန်းရှောင်ရာနေအိမ်တွေမှာ ကွင်းဆက်အရ ဖမ်းမိသွားခဲ့ကြတာဖြစ်ပြီး ကျန်ရဲဘော်တွေဟာလည်း စစ်ကြောရေးမှာ ဆိုးဆိုးရွားရွား နှိပ်စက်ခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မြဝတီနဲ့ MRTV ရုပ်သံတွေမှာ ကိုရာဇာထွန်းတို့အဖွဲ့ကို အကြမ်းဖက်သမား လူသတ်သမားတွေလို့ စွပ်စွဲထုတ်လွှင့်ထားပါတယ်။
ကိုရာဇာထွန်းနဲ့ ရင်းနှီးသူ တော်လှန်ရေးသမားတစ်ဦးက “တိုင်းပြည်ရဲ့ ပညာတတ် သန်သန်မာမာ လူငယ်တွေကို အခုလို မတရားဖမ်းဆီး မတရားစွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းတာဟာ ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်။ ပြည်သူက စစ်တပ်ထက် အင်အားကြီးလာရင် ဒီလို လုပ်ရပ်တွေအတွက် ပြည်သူတွေရဲ့ တရားစီရင်မှုကို ပြန်ခံကြရလိမ့်မယ်” လို့ ပြောပါတယ်။
ထားဝယ်မှာ စစ်ကြောရေးအတွင်း ရက်ရက်စက်စက် နှိပ်စက်ခံရလို့ ကျဆုံးသွားသူ ကိုရာဇာထွန်း အပါအဝင် ၂ ယောက်နဲ့ ဆေးရုံရောက်ပြီး ကျဆုံးသူက ၆ ယောက်ရှိပြီလို့လည်း သိရပါတယ်။