Home
မြန်မာသတင်း
မတ္တရာမြို့နယ်က နေအိမ် ၉ လုံးကို စစ်ကောင်စီမီးရှို့၊ ပြည်သူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
October 2, 2021
243674581_169286942038237_8014685379639611959_n

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်ထဲက ကျေးရွာတချို့ကို ဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ခဲ့သလို ပြည်သူ ၂ ယောက်ကို ဖမ်းဆီးသွားပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းက မန္တလေးနဲ့ မတ္တရာမြို့ပေါ်ကနေ သဖန်းကိုင်းရွာကို ကားတွေ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး အိမ်တွေကို မီးရှို့ခဲ့တာပါ။

“အိမ်စီးကား ၂ စီး၊ ဆိုင်ကယ် ၁၂ စီးနဲ့ ရဲတွေရော စစ်သားတွေရောက် ရောက်လာတယ်။ ရွာသားတွေအားလုံးက ထွက်ပြေးကြရတာပေါ့။ ညနေ ၄ နာရီခွဲလောက်မှာတော့ သူတို့က အိမ်တွေကို မီးရှို့တယ်။ သေနတ်လည်း အချက် ၂၀ လောက်ဖောက်တယ်။ ဘာကြောင့်မှန်းတော့ မသိဘူး” လို့ ဒေသခံတယောက်ကပြောပါတယ်။

အကြမ်းဖက် တပ်သားတွေ မီးရှို့လို့ ရွာက ပရဟိတဆေးခန်းတခုနဲ့ ဒေသခံအိမ် ၉ လုံး မီးလောင်ပျက်စီးသွားပါတယ်။

“သူတို့က ည ၆ နာရီမှာမှ ပြန်ထွက်သွားတယ်။ ရွာသားတွေ ပြန်လာပြီး မီးငြိမ်းကြတယ်။ သူတို့ ရှို့ခဲ့တာက အိမ် ၈ လုံး၊ ည ၈ နာရီလောက်မှာတော့ နောက်ထပ် အိမ်တလုံး မီးကူးပြီး လောင်တယ်။ ရွာအပေါ်ဘက်မှာလည်း ဒရုန်းတစီးပျံနေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အကြမ်းဖက်တပ်သားတွေဟာ သဖန်းကုန်းရွာကို ဧပြီ ၂၇ ရက်၊ ဇူလိုင် ၁၈ ရက်ကနေ ၂၂ ရက်အထိ၊ ဇူလိုင် ၂၈ နဲ့ ၂၉ တို့မှာလည်း ဝင်ရောက်လာခဲ့ဖူးပြီး အကြိမ်တိုင်းမှာ အိမ်အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ ခိုးယူတာတွေလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လုပ်တာဟာ မနေ့ညပိုင်းက သဖန်းကုန်းရွာနဲ့ ၆ မိုင်လောက်အကွာက တံတားဖြူကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာ၊ ဒီမနက်ကလည်း သဖန်းနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တောင်တံငါရွာက စစ်ကောင်စီ ဒလန်လို့ စွပ်စွဲကြတဲ့ ဆီဆိုင်ပိုင်ရှင် ပစ်သတ်ခံရတာတွေနဲ့ ဆက်စပ်မယ်လို့ ဒေသခံတွေက ထင်မြင်ပြောဆိုကြပေမဲ့ ဘာကြောင့် ဆက်စပ်တယ်ဆိုတာကတော့ သူတို့ မရှင်းပြနိုင်ပါဘူး။

ညနေ ၆ နာရီအချိန်မှာ သဖန်းရွာကနေ ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်တံတားရွာကို ထွက်သွားကြပြီး အဲဒီမှာရှိနေတဲ့ အဖွဲ့နဲ့ ပူးပေါင်းလိုက်ပါတယ်။

“မနက်ကပဲ ရွာမှာလာသမျှ ကားတွေ ဆိုင်ကယ်တွေကို စစ်ဆေးရှာဖွေနေတာ။ မြောင်မကြီးတံတားထိပ်က လက်ဖက်ရည်ဆိုင်ကိုလည်းဝင်ပြီး သေနတ်ထောက် မေးတာမြန်းတာတွေလုပ်တယ်။ ပြီးတော့ အသက် ၂၀ လောက်အရွယ် တင်ဆန်းဦးနဲ့ အသက် ၂၇ နှစ်အရွယ် မဒီးဒီကို ဖမ်းသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ်က ရွာတချို့ကိုဝင်ရောက်ပြီး အိမ်နဲ့ ပရိဘောဂပစ္စည်းတွေကို ဖျက်ဆီး ခိုးယူခဲ့ကြပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024