နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာရှိတဲ့ ကက(ဝယ်) ကာကွယ်ရေး ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကက(ဝယ်) ညွန်မှူးရုံးရဲ့ ဆင်ဝင်အောက်ဘယ်ဘက်ခြမ်းရှိ အမြင့် ၂ ပေခွဲလောက်ရှိတဲ့ ပန်းအိုးအတွင်းကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဆင်ဝင်အောက်မှာ ရပ်ထားတဲ့ စစ်ဘက်ဆိုင်ရာ High Lander ယာဉ် လေကာမှန်တွေနဲ့ မီးသီးတွေကွဲသွားပါတယ်။
ဒါ့အပြင် အဆောက်အဦရဲ့ ဆင်ဝင် မျက်နှာကြက်တွေနဲ့ အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့လည်း လုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းမှတ်တမ်းအရ သိရပါတယ်။
ဒီဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်)နဲ့အတူ တခြား အမည်မဖော်လိုတဲ့ တော်လှန်ရေးအင်အားစုတစ်ခုတို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ နေပြည်တော် PDF က အောက်တိုဘာ ၁ ရက်မှ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ဘက်ကနေ မရပ်တည်တာ၊ (CDM) မပြုလုပ်တာနဲ့ ပြည်သူဘက် မျက်နှာမမူဘဲ လက်တဆုပ်စာ အာဏာရူး အကြမ်းဖက် စစ်ကောင်စီရဲ့ ထောက်တိုင် လင်လက်ကိုင်တုတ်တွေ အဖြစ် ဆက်လက်ရပ်တည်နေသူတွေအတွက် ကနဦး လှုပ်ရှားမှုမျှသာဖြစ်ပြီး မကြာမီ ဒီထက်ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
စက်တင်ဘာ ၂၉ ရက်ကလည်း နေပြည်တော် ပျဉ်းမနားမြို့မှာ ရိက္ခာဝယ်ယူဖို့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီကားကို နေပြည်တော် PDF က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။