စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ရှိ ပြင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့ မနက်စောပိုင်းမှာ ၀င်ရောက်စီးနင်းပြီး ပစ်ခတ်၊ ဖမ်းဆီးမီးရှို့နေတာကြောင့် ရွာသားတွေ လက်လွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မနက်စောစော ခင်ဦးမြို့ဘက်ကနေ လာရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အင်အား ၃၀ လောက် ရွာတွင်း ၀င်ရောက်လာပြီး ပစ်ခတ်တာကြောင့် ငါးနှစ်အရွယ်ကလေးငယ်တဦး ထိမှန်သေဆုံးပြီး ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ကနဦးသတင်းရရှိပါတယ်။
ဒေသခံတဦးက “မနက် ငါးနာရီခွဲ၊ ငါးနာရီလောက်ကို သူက ပြင်ထောင်ရွာ ရောက်လာတယ်၊ ရောက်လာပြီး ရွာထဲဝင်တယ်၊ ရွာထဲကလူတွေက ပြေးတော့ တောဘက်ထိ လိုက်ပစ်တယ်။ ရွာထဲလည်း ပစ်၊ ဖမ်းတဲ့လူဖမ်း၊ ထိတဲ့လူထိ၊ ကလေးတယောက် သေတယ်လို့ ကြားတယ်။ ရွာသားတွေ ထွက်ပြေးတော့ မပြေးတဲ့လူတွေ ဖမ်းတယ်ပေါ့နော်။ အခု (မနက် ဆယ်နာရီ) ရွာထဲ မီးရှို့နေတယ်။ အင်အားက နောက်ထပ် ၂၀ လောက်တိုးလာပြီး တရွာလုံး မွှေနှောက်နေတယ်” လို့ ပြောပါတယ်။
ပြင်ထောင်ကျေးရွာတွင်းမှာ ပီဒီအက်ဖ်အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတာဖြစ်ကြောင်း ကြားသိရတယ်လို့ ဆိုပါတယ်။
ပြင်ထောင်ကျေးရွာဟာ လွန်ခဲ့တဲ့ သီတင်းပတ်ပိုင်းက မိုင်တဲတာဝါတိုင် ဖျက်ဆီးခံခဲ့ရတဲ့ ရွာတွေထဲက တခုဖြစ်ပါတယ်။