ပခုက္ကူမြို့မှာ အထက ၁ ကျောင်းနားဝန်းကျင်မှာ စက်တင်ဘာ ၃၀ ရက်နေ့က လာသမျှလူတွေကို စစ်နဲ့ရဲတွေက သေနတ်နဲ့ချိန်ပြီး နေပူထဲ ဖားခုန်ခုန်ခိုင်းတာ၊ ဒူးထောက်သွားခိုင်းတာ၊ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခိုင်းတယ်လို့ မြို့ခံဒေသခံတွေဆီက သိရပါတယ်။
“ဟုတ်တယ် လာသမျှ လူတွေကို စစ်နဲ့ရဲနဲ့ပေါင်းပြီးတော့ သေနတ်နဲ့တဖက်က ချိန်ထားတယ်။ နေပူကျဲကျဲထဲကို ဖားခုန်ခုန်ခိုင်းတယ်။ ဒူးထောက်လမ်းသွားခိုင်းတယ်။ နှေးနေရင် ခြေထောက်တွေနဲ့ကန်တယ်။ တကယ် ဒီအချိန်ထွက်လာကြတဲ့လူတွေက အိမ်ကလူတွေ ကျန်းမာရေးမကောင်းလို့ ဆေးထွက်ဝယ်ရတာတွေရှိတယ်။ အန္တရာယ်ကြားထဲကို သူတို့လည်း ဘယ်ထွက်ချင်ပါ့မလဲ မဖြစ်မနေလုပ်စရာတွေရှိတာတွေ လူတွေမှာလည်းရှိတယ်၊ မနေ့ကတော့ ဒီနေ့ အပြင်မထွက်ရအမိန့်တော့ လှည့်အော်တာတွေရှိတယ်” လို့ မြို့ဒေသခံတစ်ဦးကပြောပါတယ်။
စက်တင်ဘာ ၃၀ ရက် နေ့ မနက် ၁၀ နာရီက ညနေ ၅ နာရီအတွင်း အပြင်ထွက်သူတွေကို ပစ်မိန့်ပေးထားတယ်လို့ စက်တင်ဘာ ၂၉ ရက်နေ့က ရဲကားစစ်ကားတွေနဲ့ လှည့်လည်သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့ည ၈ နာရီခွဲအချိန်လောက်ကလည်း အမှတ် ၃ မြို့ရှောင်လမ်းဘက်မှာ သေနတ်နဲ့ ပစ်သံတွေ တောက်လျောက်ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို ပခုက္ကူမြို့ကို ပစ်မှတ်ထားတင်းကြပ်နေတာဟာ စက်တင်ဘာ ၂၈ ရက်နေ့ညနေက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦး သေဆုံးခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မြို့အဝင် နေရာတွေမှာ ပိတ်ဆို့ထားပြီး ညနေ ၅ နာရီကျော်မှ ဝင်ခွင့်ပေးခဲ့တာကြောင့် စောင့်ဆိုင်းနေရတဲ့ ယာဉ်တန်း တစ်မိုင်ကျော်လောက်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။