ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယားပြည်နယ်ရှိ ဒေသခံ PDF ၊ ကရင်နီတိုင်းရင်းသား ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွါးပြီး ကုန်းသာရွာက နေအိမ် ၅၀ ကျော် မီးလောင်ခဲ့ရတဲ့အတွက် ရွာသားတွေ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။
အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ကုန်းသာရွာက ရွာသားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကစ တိုက်ပွဲရှောင်နေရပြီး နောက်ထပ်အိမ်တွေပါ မီးလောင်သွားလို့ ဘယ်သူမှမနေရဲတော့ဘဲ အကုန်ထွက်ပြေးနေရကြောင်း ၊တချို့က နီးစပ်ရာဆွေမျိုးအိမ်တွေမှာသွားခိုလှုံနေပြီး အများစုက တောထဲတောင်ထဲမှာ ဖြစ်သလို တဲထိုးပြီးနေနေရတာမို့ အစားအသောက်အတွက်ရော ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတယ်လို့ ကုန်းသာရွာသား စိုင်းခမ်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“အိမ်တွေမီးလောင်တော့ အိမ်ထဲကပစ္စည်းတွေလည်းအကုန်ပါသွားတယ်၊ စပါးကျီတွေ လည်းလောင်တယ်၊ အိမ်ဆိုင်တွေလည်း လောင်တယ်၊ အထဲကပစ္စည်းတွေလည်း လောင်တယ်၊ မီး မလောင်တဲ့အိမ်တွေကျတော့ စစ်တပ်က တအိမ်တက်ဆင်းဝင်မွှေပြီး တန်ဖိုးရှိတာ၊ သုံးလို့ရတာ တွေယူသွားတယ်လို့ မျက်မြင်တွေက ပြောတယ်ခင်ဗျ၊။ ဒါကြောင့် ထွက်ပြေးတဲ့လူတွေစားဖို့ ဘာမှမကျန်တော့ဘူး။ တချို့ကတော့ တခြားရွာကဆွေမျိုးအိမ်မှာ သွားနေကြတယ်။ အများစုက လွိုင်နန်းဖ၊ လွိုင်စန့်ခမ်း အဲဒီတောတောင်တွေဘက်ထွက်ပြေးပြီး တောထဲမှာဖြစ်သလို တဲထိုး နေကြရတယ်။ အစားအသောက်တွေရော ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေ အရေးတကြီး လိုနေကြပါတယ်ခင်ဗျ။ အခြေအနေက မတည်ငြိမ်တော့ ရွာပြန်လို့လည်းမဖြစ် ၊ ပြန်ရင်လည်း အိမ်မရှိတော့ဘူး ၊ ပြာပုံဖြစ်သွားပြီ။”
တိုက်ပွဲဒဏ်သင့်တဲ့ သူတို့ရွာကို ပြန်လည်ထူထောင်ဖို့အတွက် အရေးပေါ်ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်ပြီး တိုက်ပွဲရှောင်ပြည်သူတွေနဲ့ ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီလိုသူ စေတနာရှင်တွေအနေနဲ့ ကော်မတီ ဖုံးနံပါတ် ၀၉-၂၅၆၅၅၆၅၀၈ / ၀၉-၄၅၅၇၃၉၄၅၁ / ၀-၉၉၈၃၃၃၆၆၁၂ စတဲ့နံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ရာမှာ စက်တင်ဘာ ၂၄ မှ ၂၆ ထိ ၃ ရက်အတွင်း ကုန်းသာရွာက နေအိမ် ၅၃ လုံးမီးလောင်ပျက်စီးခဲ့ရတာပါ။
အဆိုပါ နေအိမ်တွေထဲမှာ နှစ်ထပ်တိုက်အိမ် ၂၆ လုံး ၊ နှစ်ထပ်တိုက်ပျဉ်ကာ ၃ လုံး ၊ တိုက်ပု ၉ လုံး ၊ ပျဉ်ထောင်အိမ် ၂ လုံး၊ ဈေးဆိုင် ၁ ဆိုင်၊ အိမ်ဆိုင် ၁ ဆိုင်၊ မီးဖိုချောင် ၉ လုံး၊ ထရံကာအိမ် ၁ လုံးနဲ့ ဆန်စက် ၊ လယ်ထွန်စက် ၊ အပ်ချုပ်စက် ၊ မော်တော်ဆိုင်ကယ်၊ လယ်ယာ လုပ်ငန်းအသုံးအဆောင်ပစ္စည်းတွေ ၊ အိမ်ထောင်ပရိဘောဂတွေ ၊ စပါးကျီတွေပါ ပျက်စီးဆုံးရှုံးရပြီး တချို့တိုက်အိမ်မှာ ၁ လုံးထဲကို သိန်းပေါင်းတစ်ထောင်နီးပါးတန်ဖိုးရှိတာကြောင့် ဆုံးရှုံးမှု ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၄၀၀၀၀ လောက်ရှိမယ်လို့ ကုန်းသာရွာသားက ပြောပါတယ်။
ကုန်းသာကျေးရွာအနီးမှာ စက်တင်ဘာ ၂၉ ရက်က ဒီးမော့ဆို PDF၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF ၊KA နဲ့ KNDFတို့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းကျဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာ ကွယ်ရေးတပ် (DMO PDF) က သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲမှာ ဒီးမော့ဆို PDF တပ်ရင်း (H)မှ ၁ ဦး၊ ဖယ်ခုံ PDF မှ ၄ ဦး စုစုပေါင်း ၅ ဦး ကျဆုံးခဲ့ပြီး ဖယ်ခုံPDF မှ ၁ ဦးနဲ့ လွိုင်ကော် PDF မှ ၁ ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။