စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက စက်တင်ဘာ ၂၉ ရက် ဒီမနက် ၆ နာရီအချိန်လောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ခင်း ၆ နာရီလောက်က ပစ်ကြတာ။ အကျဆုံးကတော့ မသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ ကျဆုံးမရှိဘူးဗျ။ ပစ်ကြတာတော့ နေရာအစုံဘဲ။ ကနီမြို့အတွင်း ရောက်လာတာနဲ့ ဒီကောင်တွေ အပစ်ခံရတော့တာပဲ"လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီလောက်က မုံရွာမြို့ အလုံဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ စစ်တပ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဖလပ်ခွန်မော်တော်တစ်စီးကို စစ်သားတွေလိုက်ပါလာတဲ့ အမြန်ရေယာဉ်နှစ်စီးက စောင့်ရှောက်ပြီး ချင်းတွင်းမြစ်တွင်း ဆန်တက်လာစဉ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။