ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေက ယာဥ်ထိန်းရဲ အလုပ်ဝင်လုပ်ကာ ပြည်သူတွေထံကနေ ငွေညှစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မြို့ပေါ် လူစည်ကားတဲ့နေရာတွေမှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးပြီး အမှုဖွင့်တာတွေအပြင် ငွေညှစ်ယူတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အပြစ်မရှိတာကို ရှာဖမ်းတာ လိုင်စင်ဦးထုပ် အပြည့်အစုံပါရင်တောင် ခြေနင်းတုံးလေး ကျနေတာကို တားပြီး ငွေတောင်းတယ်။ အရမ်းငတ်ရာကျလွန်းနေပြီ။ ပြည်သူတွေကတော့ ဝဋ်ခံနေရတာပေါ့” လို့ မအူပင်မြို့ခံတဦးက ပြောပါတယ်။
မအူပင်မြို့မှာ စက်တင်ဘာလဆန်းပိုင်းက တခြားနေရာတွေကို ပြောင်းရွှေ့သွားတဲ့ ယာဥ်ထိန်းရဲတွေရဲ့ နေရာကို စစ်တပ်ကလူတွေ ဝင်ရောက်ပြီး ဥပဒေမဲ့ ငွေတောင်းယူတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
မအူပင်မြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာပေါင်း ၈၈ ရွာရှိကာ အဓိက သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။